PDF ကို ရိုက်တဲ့ ကားသမား ၁၃ ဦးကို ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးမယ် (ရုပ်/သံ)

အန္တရာယ်ရှိလို့ စစ်ရေးလိုအပ်ချက်အရပိတ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ကလေးဝမြိုနယ်၊ ရေဦး-ကလေးဝ ကားလမ်းကို အုပ်စုလိုက်ဖြတ်မောင်းဖို့ကြိုးစားကာ တားမြစ်ခဲ့တဲ့ PDF ၁ ဦးကို ထိုးကြိတ်ရိုက်နှက်တဲ့ ကားသမား ၁၃ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် ခံဝန်ကတိနဲ့ပြန်လွှတ်ပေးမယ်လို့ ကလေးခရိုင် ပကဖ တာဝန်ရှိသူတဦးက ဇူလိုင် ၁၆ ရက် ဒီ‌ကနေ့မှာ မြေလတ်အသံကို ပြောပါတယ်။

ကားလမ်းပိုင်းအသုံးပြုမှု ပိတ်ထားတာကြောင့် ၁ လခန့် ပိတ်မိနေကြတဲ့ ကားသမားတချို့ဟာ ဇူလိုင် ၈ ရက် မနက်ပိုင်းက ရှေ့တိုးဆက်ထွက်ဖို့ ကြိုးစားရာမှာ တားမြစ်ခဲ့တဲ့ PDF ရဲဘော် ၁ ဦးကို အုပ်စုလိုက်ဝိုင်းဝန်းထိုးကြိတ်ရိုက်ခဲ့ကြတာဖြစ်ပြီး ရိုက်နှက်ခံရတဲ့ ရဲဘော်မှာ မျက်နှာဖူးရောင်ဒဏ်ရာနဲ့ ဦးခေါင်းပေါက်ပြဲဒဏ်ရာတွေရခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ 

အဲဒီနေ့နံနက်က ကာကွယ်ရေးအဖွဲ့တွေ တားမြစ်ထားတဲ့စည်းကိုကျော်လွန်ကာ မောင်းထွက်ကြဖို့ ဇွတ်မောင်းထွက်လာတဲ့ကားတစီးရဲ့ဘီးကို ရဲဘော်တွေက သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ 

ထိုးကြိတ်ရိုက်နှက်ခဲ့ရာမှာ ကိုယ်တိုင်ပါဝင်သူကားသမား ၁၃ ဦးကို လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးထားပြီး လမ်းကြောင်းရှင်းလို့ ကားလမ်းတွေပြန်ဖွင့်တဲ့အချိန်မှာ ခံဝန်ကတိထိုးကာ ပြန်လွှတ်ပေးမယ်လို့ ပြောပါတယ်။

ရေဦး-ကလေးဝ ကားလမ်းဘေးမှာ စစ်ကောင်စီတပ်ရဲ့ အထိုင်စခန်းရှိနေပြီး အဲဒီစခန်းကို ကလေးဝမြို့နယ် PDF တပ်ရင်း(ပကဖ)၊ မင်းကင်းမြိုနယ် PDF တပ်ရင်း ၁၊  တပ်ရင်း ၂၊ တပ်ရင်း ၃၊  တပ်ရင်း ၄၊ တပ်ရင်း ၅(ပကဖ)၊နဲ့  KG Drone တပ်ဖွဲ့တို့က ဇွန်လဆန်းက စတင်ပြီး ပိတ်ဆို့တိုက်ခိုက်နေကြတာ လက်ရှိအချိန်အထိဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ခရီးသွားပြည်သူတွေ အန္တရာယ်ကင်းရှင်းစေဖို့နဲ့ စစ်ရေးလိုအပ်ချက်အရ အောင်ချမ်းသာ စစ်ကောင်စီစခန်းရှိရာ လမ်းမကြီးနဲ့ ကွင်းရှောင်လမ်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ပွဲဒေသအဖြစ်သတ်မှတ်ပြီး အဲဒီနေရာကနေစိတ်ချရတဲ့ ၃ မိုင်ခန့်အကွာကနေ ကားတွေကို ယာယီတားမြစ်ထားသလို တိုက်ပွဲကာလ လနဲ့ချီကြာမြင့်နိုင်ကြောင်းကိုလည်း ကားသမားတွေကို ကြိုတင်အသိပေးထားတယ်လို့ ဆိုပါတယ်။ 

ပိတ်ထားတဲ့ အဲဒီလမ်းပိုင်းကနေ ဒီနေ့အထိ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းအလုံး ၄၀ ကျော်ဖော်ထုတ်နိုင်ခဲ့ပြီး မိုင်းရှင်းချိန် ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ဆိုင်ကယ် ၂ စီး၊ ထွန်စက် ၁ စီး၊ ကား ၁ စီးဟာ မိုင်းစထိမှန်ပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီလမ်းပိုင်းမှာ  စစ်ကောင်စီတပ်ရဲ့ အန္တရာယ်ရှိနေတဲ့အတွက် Kalewa People Defence Organization က ဇွန် ၁၇ ရက်က စပြီး လမ်းအသုံးပြုမှု ယာယီပိတ်ထားတာလည်း ဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ကလေးဝ #ကားသမား #PDF #ထိုးကြိတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10