PDF တွေကို စိန်ခေါ်တဲ့ ကျောက်ပန်းတောင်းဘက်က အုပ်ချုပ်‌ရေးမှူးသားအဖ အသတ်ခံရ

PDF တွေကို စိန်ခေါ်တဲ့ ကျောက်ပန်းတောင်းဘက်က အုပ်ချုပ်‌ရေးမှူးသားအဖ အသတ်ခံရ

 

မန္တလေးတိုင်း၊ ကျောက်ပ‌န်းတောင်းမြို့နယ်က PDF ကို စိန်ခေါ်တဲ့ အုပ်ချုပ်ရေးမှူးသားအဖကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေါင်းစစ်သည်ပြောက်ကျားတပ်(နတ်မောက်)က သတင်းထုတ်ပြန်ထားပါတယ်။

ကျောက်ပန်းတောင်းမြို့နယ်၊ ခပေါင်းကုန်ကြီးအုပ်စု အုပ်ချုပ်ရေးမှူး အသက် ၆၀ နှစ်ကျော် ဖိုးတော်(ခ) ကိုသိန်းမြင့်နဲ့ သားဖြစ်တဲ့ အသက် ၄၀ နှစ်ဝန်းကျင် ဝင်းမင်းသန့်တို့ကို သူတို့နေတဲ့  တံခွန်တိုင်ကျေးရွာမှာ ဧပြီ ၈ ရက် မွန်းတည့်ချိန်လောက်က သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ပြောပါတယ်။

”အုပ်ကြီးက ရွာထဲမှာ မိုက်နဲ့အော်ပြီး သတ္တိရှိတဲ့ PDF တွေ ပေါ်တင်လာခဲ့ပါဆိုပြီး စိန်ခေါ်တာပါ။ ကျနော်တို့လည်း ပေါ်တင်ကို သွားခဲ့တာပါ။ မစ်ရှင်ကို အေးရာအေးကြောင်း  အောင်မြင်အောင် လုပ်‌ဆောင်ခဲ့တာပါ“ လို့ ဒေါင်းစစ်သည်ပြောက်ကျားတပ်ရဲ့ တာဝန်ရှိသူ တဦးကပြောပါတယ်။

ဖိုးတော်ဟာ ကျေးရွာအုပ်စုအတွင်းက သူနဲ့ မတည့်တဲ့ ရွာသားအချို့ကို PDF ထောက်ပံ့တယ်ဆိုကာ စစ်ကောင်စီကို ဖမ်းခိုင်းတာမျိုးတွေရှိသလို သားဖြစ်သူ ဝင်းမင်းသန့်ကလည်း ပျူစောထီးသင်တန်းဆင်းတဦးဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

တိုက်ခိုက်ရာမှာ ပါဝင်ခဲ့တဲ့ Magway Guerrilla Warfare ရဲ့ တာဝန်ခံ ရဲဘော်ကံကြီးမောင်ကလည်း “အုပ်ချုပ်ရေးမှူးသား ပျူစောထီးသင်တန်းဆင်းက ကလန်ကဆန်ပြန်လုပ်လို့ ပစ်သတ်ခဲ့တာပါ။  စိန်ခေါ်တဲ့ ဖိုးတော်ကတော့ ကျနော်တို့  ရှင်းလင်းဖို့  သူ့အိမ်ထဲဝင်တဲ့အချိန် ထွက်ပြေးခဲ့လို့ တအိမ်ကျော်လောက်မှာ အသေပစ်ခဲ့ရတယ်”လို့ ပြောပါတယ်။ 

ပစ်ခတ်မှုအပြီးမှာ နတ်မောက်မြို့နယ်ထဲက ရဲနဲ့ စစ်သား ၄၀ ဦးလောက်ရောက်ရှိလာပြီး အလောင်းတွေကို တံခွန်တိုင်ရွာ သုဿန်ကို ပို့ထားတယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို Magway Guerrilla Warfareနဲ့ ဒေါင်းစစ်သည်ပြောက်ကျားတပ်ဖွဲ့ (နတ်မောက်)တို့က ပြုလုပ်ခဲ့တာလို့သိရပါတယ်။ 

Magway Guerrilla Warfareနဲ့ ဒေါင်းစစ်သည်ပြောက်ကျားတပ်ဖွဲ့ (နတ်မောက်)တို့ဟာ ပြီးခဲ့တဲ့ ဧပြီ ၇ ရက် မနက် ၆ နာရီကျော်ကလည်း အခြားမဟာမိတ်တွေနဲ့ ပေါင်းကာ မကွေးမြို့အခြေစိုက် ရဲတပ်ရင်း ၂၅ ကို ရှော့တိုက်ဒုန်း ၅ လုံးနဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။

ပုံစာ - အုပ်ချုပ်ရေးမှူးဖိုးတောနဲ့ သားဖြစ်သူရဲ့ အလောင်း။

သတင်း - ခန့်‌အောင်၊ စာတည်း-လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #ကျောက်ပ‌တောင်းမြို့ #PDF #စိန်ခေါ်  #အုပ်ချုပ်ရေးမှူး #သေနတ် #ဒေါင်းစစ်သည်ပြောက်ကျားတပ် #MagwayGuerrillaWarfare

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10