PDF တွေစိုက်ပျိုးထားတဲ့ သီးနှံတွေကို ရိက္ခာခက်ခဲနေတဲ့စစ်ရှောင်တွေထံ ထောက်ပံ့

PDF တွေစိုက်ပျိုးထားတဲ့ သီးနှံတွေကို ရိက္ခာခက်ခဲနေတဲ့စစ်ရှောင်တွေထံ ထောက်ပံ့

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်တပ်ရင်းမှာရှိတဲ့ PDF ရဲဘော်တွေက သီးနှံတချို့ကို စားနပ်ရိက္ခာခက်ခဲတဲ့ စစ်ရှောင်ပြည်သူတွေထံ ထောက်ပံပေးခဲ့တယ်လို့ The Youth Force -Saw & Kyaukhtu တပ်ဖွဲ့ထံက သိရပါတယ်။

ဂန့်ဂေါတပ်ရင်းရဲ့ရဲဘော်တွေက စိုက်ခင်းတွေပြုလုပ်စိုက်ပျိုးထားပြီး၊ ထွက်ရှိလာတဲ့သီးနှံတွေကို ဇူလိုင်လ ၁၄ ရက်မနက်ပိုင်းမှာ စစ်ရှောင်ပြည်သူတွေဆီကို တပိုင်တနိုင် ကူညီထောက်ပံ့ပေးခဲ့တယ်လို့ အမှတ်-၁ စစ်ဒေသ၊ဂန့်ဂေါခရိုင် တပ်ရင်းအမှတ် - ၁၃ ၊The Youth Force -Saw & Kyaukhtu တပ်ဖွဲ့ ယာယီဒု-တပ်ရင်းမှူး က မြေလတ်အသံကိုပြောပါတယ်။

"စိုက်ခင်းစိုက်တာ ၂ လလောက်ပဲရှိသေးတယ်။ ရဲဘော်တွေ ရိက္ခာအဆင်ပြေဖို့စိုက်ကြတာပါ။ အနီးနားမှာ စစ်ရှောင်များတော့ စားဖို့ခက်ခဲကြတယ်။ အဲ့ဒါနဲ့ စစ်ရှောင်တွေစားဖို့တတ်နိုင်တဲ့ဘက်က ကူညီပေးတာပါ" လို့ယာယီ ဒု-တပ်ရင်းမှူက ပြောပါတယ်။

အဲ့ဒီစိုက်ခင်းကို မေလလယ်ပိုင်းမှာ ရဲဘော်ရဲမေတွေက စိုက်ပျိုးကြရာ စိုက်ခင်းမှာ ရုံးပတီ၊ ကန်စွန်း၊ ချဥ်ပေါင်၊ ဖရုံ၊ ပဲသီး၊ ဗူး၊ခရမ်း စတဲ့သီးနှံတွေကို စိုက်ပျိုးထားကြပြီး၊စိုက်ခင်းအတွက်လိုတဲ့ရေကို ချောင်းထဲကသယ်ရသလို၊ တခြားရာသီပေါ်သီးနှံတွေကိုထပ်မံစိုက်ပျိုးရင်း စစ်ရှောင်တွေကို ရေရှည်ထောက်ပံ့နိုင်အောင် ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

စစ်ရှောင်ပြည်သူတွေမှာ ယောဒေသအတွင်းကျေးရွာတွေကဖြစ်သလို၊ စစ်ရှောင်ပြည်သူ ၄၀၀ ခန့်ရှိပြီး၊ နီးစပ်ရာဆွေမျိုးတွေနဲ့ စစ်ရှောင်တဲတွေမှာ နေထိုင်ရတယ်လို့ သိရပါတယ်။

အမှတ်-၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင်တပ်ရင်းအမှတ်-၁၃ တပ်ဖွဲ့အနေနဲ့ စစ်ကောင်စီကိုတိုက်ပွဲဝင် တော်လှန်နေတာအပြင်၊ စစ်ရှောင်ပြည်သူအတွက် ရိက္ခာအခက်အခဲအတွက်သာမကဘဲ၊ နေထိုင်ဖို့တဲဆောက်တာ၊လမ်းပြင်တာ၊ ကျန်မာရေးအတွက်ဆေးကုသပေးတာတွေကို ကူညီလုပ်ကိုင် ပေးနေတယ်လို့ သိရပါတယ်။

စာတည်း -‌ နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မကွေးတိုင်း #ဂန့်ဂေါ #စစ်ရှောင် #pdf #စားနပ်ရိက္ခာ #ထောက်ပို့

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10