PDF တွေ မြို့ကိုတက်သိမ်းမယ်လို့ သတင်းတွေထွက်ပြီးနောက် စစ်တပ်က ကျေးလက် လမ်းပိုင်းတွေကို ဖျက်ဆီး

PDF တွေ မြို့ကိုတက်သိမ်းမယ်လို့ သတင်းတွေထွက်ပြီးနောက် စစ်တပ်က ကျေးလက် လမ်းပိုင်းတွေကို ဖျက်ဆီး

ပဲခူးတိုင်း၊ သာယာ၀တီခရိုင်၊ အုတ်ဖိုမြို့ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးနောက် အုတ်ဖိုမြို့အတွင်း ဝင်လာလို့ရနိုင်တဲ့ ကျေးလက်လမ်းတွေကို စစ်ကောင်စီတပ်သားတွေက ဖျက်ဆီးနေတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖို ဆီက သိရပါတယ်။

အုတ်ဖိုမြို့နယ်၊ ချောင်တင်းကွင်းရွာနဲ့ သာလိကာရွာကို ဆက်သွယ်ထားတဲ့ သာလိကာ-ဂွေးချောင်းလမ်း၊ လှေတုန်းရွာနဲ့ ဒေါင်ကြီးရွာအထိ ဆက်သွယ်ထားတဲ့ သဲကုန်း-ဒေါင်ကြီးလမ်းပိုင်းကို ပဲခူးရိုးမပေါ်ကနေ သွားလာလို့မရအောင် ဖေဖော်ဝါရီလ ၂၉ ရက်မှာ မြေတူးစက်တွေသုံးပြီး ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

"ကျနော်တို့ PDF တွေကို ဟန့်တားရမလားဆိုတဲ့မျော်လင့်ချက်နဲ့ လုပ်တာပဲ။ နောက်တခုက ၁၉၆၂ ခုနစ်ထဲက အမြဲအနိုင်ကျင့်၊ နှိပ်စက်၊သတ်ဖြတ် လုပ်ချင်တိုင်းလုပ်ခဲ့တယ်။ ပြည်သူကို လုပ်ရိုးလုပ်စဥ်ထဲက အတိုင်းလုပ်တာ။ ဂရုကိုမစိုက်ဘူးဗျာ" လို့ အုတ်ဖို UG အဖွဲ့မှ တပ်ခွဲမှူး ဒေဝက ပြောပါတယ်။

စစ်တပ်က ဖျက်ဆီးထားတဲ့လမ်းမှာ ပဲခူးရိုးမအခြေရှိဝိုင်းကျေးရွာအုပ်စုနဲ့ ကျေးရွာလမ်းတလျောက် ရွာပေါင်း ၂၀ ကျော် အားထားသွားလာနေရတဲ့ လမ်းမကြီးဖြစ်သလို PDF တွေကို အဟန့်အတား မဖြစ်စေဘဲ ဒေသခံပြည်သူတွေကို သွားလာရခက်ခဲစေတယ်လို့သူက ဆက်ပြောပါတယ်။

အခုဖျက်ဆီးခဲ့တဲ့ လမ်းပိုင်းဟာ မြို့ပေါ်ကိုအလွယ်တကူ သွားနိုင်တဲ့လမ်းဖြစ်တာကြောင့် လက်ရှိမှာ ဒေသခံတွေက မြို့ပေါ်ကိုသွားမယ်ဆိုရင် အခြားလမ်းပိုင်းတွေကပတ်ပြီးသွားရတာကြောင့် အချိန်ကြန့်ကြာပြီး သွားလာရေးအတွက် ငွေကြေးကုန်ကျမှုတွေလည်း ပိုများတယ်လို့ ဆိုပါတယ်။ 


ဒါ့အပြင် လက်ရှိအချိန်ဟာ မတ်ပဲသီးနှံပေါ်ချိန်ဖြစ်တာကြောင့် မတ်ပဲစိုက် ဒေသခံတောင်သူတွေအနေနဲ့ ရိတ်သိမ်း သယ်ယူခြွေလှေ့ဖို့သွားလာတဲ့အခါမှာလည်း အချိန်ကုန် လူပင်ပန်းနဲ့ ဒုက္ခရောက်ရတယ်လို့ တောင်သူတဦးက ပြောပါတယ်။ 

"အရပ်ဝတ်နဲ့ လက်နက်ကိုင်ထားတဲ့သူတွေက မြေတူးစက်နဲ့လာတူးသွားတယ်။ လယ်ထဲရေ သွင်းမြောင်း ဖော်တယ်ထင်နေတာ။ PDF တွေ သွားလာဖို့ မလွယ်အောင်လုပ်တဲ့သဘောပါ။ ကျနော်တို့ ပြည်သူတွေပဲ ဒုက္ခရောက်တာပေါ့" လို့ ဒေသခံတောင်သူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်ကလည် အုတ်ဖို့မြို့ပေါ်မှာရှိတဲ့ စရဖ ရုံးကို ကာကွယ် ရေးတပ်ဖွဲ့ဝင် တွေက မီးလောင်ဗုံးနဲ့တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေမှာ လုံခြုံရေးတင်းကြပ်နေသလို မြို့နယ်အတွင်းမှာလည်း စစ်ဆေးမှုတွေ ပိုများလာတယ်လို့ အုတ်ဖို UG တပ်ခွဲမှူး ကိုဒေဝက ပြောပါတယ်။ 

စာတည်း - လင်း 
#မြေလတ်အသံ
#ပဲခူး #အုတ်ဖို့ #စစ်ကောင်စီ #လမ်းပိုင်းဖျက်ဆီး #သတင်း #မြေလတ်သတင်း 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10