PDF တွေရှိတဲ့နေရာကို ရေလာခပ်တဲ့ စစ်သား၂ဦး ပစ်ခံရလို့ သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စွမ်းရည်ထက်ဂိတ်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ ဇူလိုင် ၂၁ ရက် မနေ့ နေ့လယ် ၁နာရီခွဲဝန်းကျင် မုံရွာ-ချောင်းဦးလမ်းပိုင်းတနေရာမှာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ People’s Defence Force - South Monywa တပ်ဖွဲ့ဝင်တဦးဆီက သိရပါတယ်။ 

အင်အား ၅၀ နီးပါးနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ လမ်းသွားလမ်းလာပြည်သူတွေဆီကနေ ငွေကြေးတောင်းခံနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးက ကာကွယ်ရေးအဖွဲ့ဝင်တွေရှိရာနားကို ရေလာခပ်ချိန် ပစ်ခတ်ခံလိုက်ရလို့ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးသွားတယ်လို PDF South Monywa ကပြောပါတယ်။ 

အဲဒီနောက် လမ်းမပေါ်မှာဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ 

“ ၂ ယောက်ကတော့ သေချာပေါက် ဇကာပေါက်ဖြစ်သွားတာ။ လမ်းပေါ်ကနေ သူတို့ကို တရွတ်တိုက်ပြန်ဆွဲသွားတာကို မျက်မြင်တွေ့တဲ့သူတယောက်က ပြောပါတယ်။ ကျ‌နော်တို့ဘက်ကတော့ ၂ ဦး ဒဏ်ရာရတယ် မစိုးရိမ်ရပါဘူး။” လို့ PDF South Monywa အဖွဲ့ တာဝန်ခံ ကိုOxygenက မြေလတ်အသံကို ပြောပါတယ်။

 အဲဒီညနေမှာပဲ PDF South Monywa တပ်ဖွဲ့ဟာ မုံရွာ - ချောင်းဦးလမ်းပိုင်း နဲ့ မုံရွာ - မန္တလေးလမ်းပိုင်းကို စစ်ဆင်ရေးတွေ ပြုလုပ်နေတဲ့အတွက် ပြည်သူတွေကို ဖြတ်သန်းသွားလာခြင်း မပြုဖို့ကိုလည်း ထုတ်ပြန်ထားပါသေးတယ်။ 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #တိုက်ပွဲ #စစ်သား #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10