PDF တွေအလင်းဝင်ချင်ရင် ဆက်သွယ်ဖို့ဆိုကာ စစ်တပ်က ဆိုင်းဘုတ်တွေကပ်ထား

PDF တွေအလင်းဝင်ချင်ရင် ဆက်သွယ်ဖို့ဆိုကာ စစ်တပ်က ဆိုင်းဘုတ်တွေကပ်ထား

စစ်ကိုင်းတိုင်း၊ ချောင်းဦးနဲ့ မုံရွာကြားမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အလင်းဝင်ချင်ရင် ဆက်သွယ်လို့ရကြောင်း ရေးသားထားတဲ့ဆိုင်းဘုတ်တွေကို နိုဝင်ဘာ ၂၄ ရက်မှာ စစ်ကောင်စီတပ်သားတွေက လိုက်ကပ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ 

စစ်ကောင်စီတပ်စွဲထားရာ ချောင်းဦးနဲ့ မုံရွာကြားမှာရှိတဲ့ ခင်မွန် (မြပုလဲ) စခန်းကို ဆက်သွယ်ဖို့ရေသားထားတဲ့ ဆိုင်းဘုတ်တွေကို အဲ့ဒီစခန်းအနီးတဝိုက်မှာ ကပ်ထားတာလို့ ဆိုပါတယ်။ 

“ဒီလအတွင်းကို ၃ ယောက်လောက် (စစ်တပ်နဲ့ပူးပေါင်းတာ) ရှိထားတာဆိုတော့ နောက်ထပ် အလင်းဝင်ဖို့ ပုံစံမျိုးနဲ့ စကစ ဘက်က PDF တွေအလင်းဝင်ဖို့ရာ ဆိုင်းဘုတ်တွေချိတ်ထားတဲ့သဘော။” လို့  မုံရွာမြို့နယ်မှ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ယခု နိုဝင်ဘာလအတွင်းမှာ မုံရွာတိုက်နယ် ၃ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး၊ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးနဲ့  မုံရွာခရိုင် တပ်ရင်း ၁၁ က ၁ ဦးတို့ စစ်ကောင်စီနဲ့ ပူးပေါင်းသွားခဲ့တယ်လို့ ဆိုပါတယ်။ 

အဲ့ဒီသူ ၃ ဦးထဲမှာ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်ကတော့ ဖမ်းဆီးခံစစ်သုံ့ပန်း ၇ ဦးကို ခေါ်ဆောင်သွားပြီး လက်နက်တွေကိုလည်းရောင်းချသွားခဲ့ကာ အဲ့ဒီဖြစ်စဥ်တွေရှိခဲ့တာကြောင့် စစ်ကောင်စီက ခုလိုအလင်းဝင်ဖို့ ဆိုင်းဘုတ်တွေကပ်လာတာ ဖြစ်နိုင်တယ်လို့ အထက်ပါ နီးစပ်သူက ဆက်ပြောပါတယ်။ 

စစ်ကောင်စီတပ်သားတွေက မုံရွာမြို့နယ်ထဲမှာ အခုလိုအလင်းဝင်ဖို့ ကြေညာတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဒီလုပ်ရပ်ဟာ ကာကွယ်ရေးအဖွဲ့ဝင်တွေအတွက် ရယ်စရာဖြစ်သလို၊ မယောင်ရာဆီလူးတဲ့ သဘောမျိုးဖြစ်တယ်လို့လည်း Chaung U People’s Defence Force ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“သူတို့စိုးမိုးနယ်မြေတွေပဲ လိုက်ကပ်ရဲတဲ့ သဘော။ ရွာတွေဘက်တော့ မလာဘူး၊ သူတို့ အခုလိုလုပ်တာ ကျနော့်အတွက်တော့ ဒါကဟာသပေါ့ဗျာ။ ကျနော်တို့အနေနဲ့ကတော့ အရင်ကတည်းက အဆုံးထိသွားဖို့ရည်ရွယ်ထားတာဖြစ်တဲ့အတွက် ဒါနဲ့ ပတ်သက်ပြီးတော့ဘာမှ ထွေထွေထူးထူးပြောစရာမရှိဘူး” လို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၉ ရက်ကလည်း မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ် ကျောင်းဝန်းအတွင်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေက အင်အားသုံးပြီး စစ်ကြောင်းထိုးတဲ့အပြင် ဒေသခံတွေလည်း ဖမ်းဆီးခံတဲ့ အတွက် Chaung U People’s Defence Force တပ်ဖွဲ့က ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ၅ ဦးထိခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #စစ်ကောင်စီ #စည်းရုံး #အလင်းဝင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10