PDF ထောက်ပို့လုပ်တယ်ဆိုကာ ခြောက်နှစ်အရွယ်ကလေး ၂ ဦးအပါ မိသားစု ၂ စုကို စစ်တပ်က ဖမ်းဆီးပြီး နေအိမ်ကိုလည်း မီးရှို့

PDF ထောက်ပို့လုပ်တယ်ဆိုကာ ခြောက်နှစ်အရွယ်ကလေး ၂ ဦးအပါ မိသားစု ၂ စုကို စစ်တပ်က ဖမ်းဆီးပြီး နေအိမ်ကိုလည်း မီးရှို့

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်မှာ PDF ကို ထောက်ပို့လုပ်တယ်ဆိုကာ ခြောက်နှစ်အရွယ်ကလေး ၂ ဦးနဲ့ မိသားစု ၂ စုကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး နေအိမ်ကိုလည်း မီးရှို့သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမတောင်ခြေရှိ ရုပ်ဆိုင်ရွာမှာ  ဧပြီလ ၁၁ ရက် မနက်ပိုင်းကစတင်ကာ ရွာသား ၂၁ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် အဲဒီနေ့ ညနေပိုင်းမှာ ၁၅ ဦးကိုပြန်လွှတ်ခဲ့ပေမယ့် မိသားစု ၂ စု ကို ဆက်ဖမ်းထားကာ သူတို့နေအိမ် ၂ လုံးကိုမီးရှို့ခဲ့တာလို့ ဆိုပါတယ်။

“ PDF ကိုထောက်ပို့လုပ်တယ်ဆိုပြီး မိသားနှစ်စုကိုဖမ်းတာ။ မနေ့ညနေက ရွာထဲကစစ်ကြောင်းအထွက်မှာလည်း အိမ် ၂ လုံးကိုလည်း မီးရှို့သွားသေးတယ်” လို့ ပေါင်းတည်ဒေသခံအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ရုပ်ဆိုင်ရွာက အသက် ၃၀ နှစ်အရွယ် ကိုအောင်ဇော်ဝင်း(ခ)အကေး၊ အသက် ၂၆ နှစ်အရွယ် ဇနီး မခိုင်သင်းကြည် (ခ) မမီးမီးနဲ့ သမီးဖြစ်တဲ့ အသက် ၆ နှစ်အရွယ် မချစ်မြတ်သဒ္ဒါဖြိုးတို့မိသားစုနဲ့ အသက် ၂၉နှစ်အရွယ် ကိုဇင်ကိုနဲ့ ဇနီး အသက် ၂၄ နှစ်အရွယ် မဖြူသေး အသက် ၆ နှစ် အရွယ်သား မောင်ပိုင်ဇင်ဖြိုးတို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံရသူထဲက ကိုအကေးရဲ့ နေအိမ်နဲ့ အခြားရွာသားတဦးဖြစ်တဲ့ ကိုကုလားကြီးတို့ နေအိမ် ၂ လုံးကို စစ်ကောင်စီစစ်ကြောင်းက PDF ထောက်ပို့တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ မီးရှို့ခဲ့သေးတယ်လို့ ဆိုပါတယ်။

ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေးနဲ့ဆက်သွယ်ရေးတာဝန်ခံကတော့ ဧပြီ ၁၂ ရက် ဒီကနေ့မှာ ဖမ်းဆီးထားသူတွေကို သိမ်ကုန်းတာဝါတိုင်စခန်းစစ်ကောင်စီတပ်မှာ ရိုက်နှက်စစ်ဆေးနေတယ်လို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ သိမ်ကုန်းတာဝါတိုင်စခန်းကနေ အင်အား ၄၆ ဦးနဲ့ ဧပြီ ၉ ရက်က ရုပ်ဆိုင်ရွာကို ရောက်ရှိခဲ့တာလို့လည်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်ကလည်း စစ်ကောင်စီတပ်ဟာ ပေါင်းတည်မြို့နယ်၊ မအူကွင်းရွာကို မနက်ပိုင်းနဲ့ တောင်ခမောက် ရွာကို ညနေပိုင်းမှာ မီးရှို့ခဲ့လို့ နေအိမ် ၁၀၀ ကျော် ပျက်စီးခဲ့ပါသေးတယ်။

ပုံစာ - မီးရှို့ခံရသည့် နေအိမ်များ။

စာတည်း- ဟိန်းစံ

#မြေလတ်အသံ

#ပေါင်းတည် #ထောက်ပို့ #ကလေး #ဖမ်းဆီး #နေအိမ်မီးရှို့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10