PDF နဲ့တိုက်ပွဲဖြစ်ခဲ့တဲ့နေရာက ရွာ ၂ ရွာကို စစ်တပ်ကမီးတင်ရှို့လို့ နေအိမ် ၂၀၀ ကျော် ပျက်စီး

PDF နဲ့တိုက်ပွဲဖြစ်ခဲ့တဲ့နေရာက ရွာ ၂ ရွာကို စစ်တပ်ကမီးတင်ရှို့လို့ နေအိမ် ၂၀၀ ကျော် ပျက်စီး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်မှာ PDF နဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ရာနေရာအနီးက ကျေးရွာ ၂ ရွာကို မီးတင်ရှို့ခဲ့တာကြောင့် နေအိမ် ၂၀၀ ကျော်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သစ်ပုတ်တာဝါတိုင်မှာအခြေချနေတဲ့ စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၃ ရက် ညနေပိုင်းမှာ မအူကွင်းကျေးရွာကို ဝင်ရောက်လာရာ မအူကွင်းရွာအနီးမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ၂ နာရီကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် ဇန်နဝါရီလ ၁၄ ရက် မနက်ပိုင်းမှာ မအူကွင်းရွာနဲ့ ညနေပိုင်းမှာ တောင်ခမောက်ရွာတို့ကို မီးတင်ရှို့ခဲ့တာလို့ ဆိုပါတယ်။

“ မအူကွင်းကို တနေကုန်ရှို့ပြီး တောင်ခမောက်ကို ညနေပိုင်းကနေ တညလုံးရှို့တာ။ မအူကွင်းက တလုံးစ၊ နှစ်လုံးလောက်ပဲ ကျန်တယ်ပြောတယ်။ တောင်ခမောက်ကတော့ အိမ်ခြေစိပ်တဲ့ ရွာလယ်ပိုင်းက အကုန်ပါတယ်။ သုံးပုံ နှစ်ပုံလောက် မီးထဲပါတယ်ပြောတယ် ဘယ်သူမှတော့ သွားမကြည့်ရဲဘူး” လို့ ပေါင်းတည်နယ်ရွာခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

အဲ့ဒီရွာတွေဒေသခံတွေဟာ စစ်တပ်စစ်ကြောင်းထိုး ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေတာ ၇ လခန့်ကြာပြီဖြစ်ပြီး လူမရှိတဲ့နေ အိမ်တွေကို မီးတင်ရှို့သွားတာလို့ ဆိုပါတယ်။

အဆိုပါစစ်ကောင်စီတပ်ဟာ မအူကွင်းရွာကို မီးရှို့ပြီးနောက် တောင်ခမောက်ရွာကို ဝင်ရောက်ချိန်မှာလည်း ရွာအဝင်မှာထောင်ထားတဲ့ မိုင်းမိပြီး အကျအဆုံးရှိတယ်လို့ကြားသိရကြောင်း သူကဆက်ပြောပါတယ်။

မအူကွင်းရွာမှာ နေအိမ် ၁၂ဝ ခန့်၊ တောင်ခမောက်ရွာမှာ အိပ်ခြေ ၂၇ဝ ခန့်ရှိတာဖြစ်ပြီး မီးရှို့ခံရတာကြောင့် ကျေးရွာ ၂ ခုပေါင်း နေအိမ် ၂၀၀ ကျော်မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၂ ရက် ညကလည်း ပေါက်ခေါင်းမြို့နယ်၊ လက်ကြီးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီးကျည်ကျလို့ ပေါင်းတည်မြို့နယ် သစ်ပုတ်အုပ်စု၊ နတ်ရေတွင်းက နေအိမ်တလုံး ပျက်စီးခဲ့ပါသေးတယ်။

ဇန်နဝါရီ ၁၅ ရက် ဒီမနက်မှာတော့ အဆိုပါစစ်ကောင်စီတပ်ဟာ ပေါင်းတည်မြို့နယ်၊ ကိုင်းကွင်းရွာနဲ့ ပတက်မြောင်ရွာကို ဝင်ရောက်ကာ အိမ်ထောင်စုဇယားတွေတောင်းခံနေပြီး တောင်းခံတဲ့အကြောင်းအရင်းကိုတော့ မသိရဘူးလို့ ဒေသခံတွေကပြောပါတယ်။

ပုံစာ - မီးရှို့ခံရသည့် မအူကွင်းရွာ။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #အနောက်ခြမ်း #ပေါင်းတည် #စစ်ကောင်စီတပ် #ရွာမီးရှို့ #နေအိမ်၂၀၀ကျော် #ပျက်စီးဆုံးရှုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10