PDF သတင်းစုံစမ်းနေတဲ့ စစ်သားတဦးကို အသေဖမ်းမိပြီး သေနတ်နဲ့ကျည်အချို့ကို သိမ်းဆည်း

PDF သတင်းစုံစမ်းနေတဲ့ စစ်သားတဦးကို အသေဖမ်းမိပြီး သေနတ်နဲ့ကျည်အချို့ကို သိမ်းဆည်း

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ PDF သတင်းကိုထောက်လှမ်းနေတဲ့ စစ်ကောင်စီတပ်သားတဦးကို ဩဂုတ် ၂၃ ရက် ညနေ ၄ နာရီခန့်မှာ အသေဖမ်းဆီးရမိခဲ့ပြီး ၎င်းကိုင်ဆောင်တဲ့ သေနတ်နဲ့ကျည်တချို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က သတင်းထုတ်ပြန်ထားပါတယ်။ 

သေဆုံးသူမှာ မင်းလှမြို့အခြေစိုက် ခလရ ၁ တပ်ရင်းက တပ်သား လက်ကပ် ဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့သတင်းရယူဖို့ အုတ်ဖိုမြို့နယ်အတွင်းရောက်ရှိနေစဉ် ချောင်းဂေါင်းအုပ်စုအပိုင် ပဲခူးရိုးမအစပ်က တောင်ယာတဲအတွင်း ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

” လက်ကပ်ကို အရှင်ဖမ်းဖို့သွားတာ။ သူက လက်ပစ်ဗုံးနဲ့ ပစ်တာ သေနတ်နဲ့ပြန်ပစ်တာတွေလုပ်လို့ အသေပစ်သတ်လိုက်ရတာ။“ လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က ရဲဘော်ရိုးမမြေက ပြောပါတယ်။

လက်ကပ်ဟာ ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကြောရေးတာဝန်ယူထားတဲ့ ဗိုလ်ကြီး ရန်နိုင်စိုး ရဲ့ တပည့်ဖြစ်ပြီး ရှေ့တန်းတိုက်ခိုက်ရေးမလိုက်ရဘဲ သတင်းထောက်လှမ်းတဲ့ အလုပ်ကိုသာ လုပ်ကိုင်နေသူဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

လက်ကပ်ကို  ဗျူဟာစစ်ကြောင်းရဲဘော်တွေက အရပ်ဝတ်နဲ့တွေ့ရှိခဲ့တာဖြစ်ပြီး ပစ်ခတ်ဖမ်းဆီးပြီးတဲ့နောက် ၎င်းထံက ၉ မမ ပစ္စတိုသေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၄ တောင့်၊ မိုဘိုင်းဖုန်း ၁ လုံးနဲ့  စစ်လွယ်အိတ် ၁ လုံးတို့ကို  သိမ်းဆည်းခဲ့တယ်လို့  ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အလားတူ နတ်တလင်းမြို့နယ်၊ ပဲခူးရိုးမအစပ်ရှိကျေးရွာတွေကို စစ်သားဟောင်းအဖြစ် ဟန်ဆောင်ကာ PDF သတင်းတွေကို ထောက်လှမ်းနေတဲ့ ခမရ ၄၃၁ က တပ်သားမောင်နိုင်ကို ဖမ်းမိခဲ့ပြီး ခုခံထွက်ပြေးတဲ့အတွက် သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ နတ်တလင်းအခြေစိုက် နတ်စစ်သည်တပ်ဖွဲ့က ဇွန် ၁၂ ရက်မှာ သတင်းထုတ်ပြန်ထားပါသေးတယ်။

ပုံစာ - သိမ်းဆည်းရမိသည့် သေနတ်နှင့် ပစ္စည်းအချို့။ 

စာတည်း- ဟိန်းစံ။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10