သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်ရှိ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ဖွဲ့ရဲ့ အချုပ်ထောင်ကနေ ထွက်ပြေးသွားတဲ့ ပျူစောထီး ၂ ဦးကို ပစ်ခတ်ဖမ်းဆီးရာမှာ ၂ ဦးစလုံး သေဆုံးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။
အချုပ်ထောင်မှာဖမ်းဆီးထားတဲ့ အုတ်ဖိုမြို့နယ်၊ ဆယ်ရွာကပျူစောထီးဝေလင်းနဲ့ အေးမြသာယာမြို့၊ အမှတ် ၁၀ ရပ်ကွက်မှာနေတဲ့ ပျူစောထီးအရှည်ကြီးတို့က ဒီဇင်ဘာ ၁၂ ရက် မနက် ၄ နာရီလောက်မှာ အချုပ်စောင့် တပ်ဖွဲ့ဝင်တွေအိပ်နေချိန် အချုပ်ခန်းကိုဖျက်ပြီး ထွက်ပြေးခဲ့တာလို့ ဆိုပါတယ်။
“အချုပ်ကဝါးနဲ့ပဲလုပ်ထားတာ။ သွပ်ကြိုးတွေနဲ့ ချည်ထားတယ်။ သံတွေနဲ့လည်းရိုက်ထားတာ အဲဒါကို ဘယ်လိုလုပ်သွားလဲမသိဘူး။ အချုပ်ထဲမှာဆိုတော့ လက်တွေကို ကြိုးမချည်ထားဘူး။ သူတို့မှာ အဲ့ကြိုးတွေကို ဖြတ်မဲ့ဟာ တခုခုရသွားတယ်လို့ထင်တယ်။ သွပ်ကြိုးတွေကိုဖြတ်ပြီးတော့ထွက်ပြေးသွားတာ၊” လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ မှ သတင်း နဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလိုက်ရှာချိန်မှာတော့ စခန်းနဲ့ဝေးတဲ့ပျဥ်းကတိုးခင်းအနီးမှာ တွေ့ရှိပြီးပစ်ခတ်ခဲ့တာကြောင့် နှစ်ဦးစလုံးရဲ့ရင်ဘက်ကိုကျည်ထိသေဆုံးခဲ့တာလို့ ဆိုပါတယ်။
“ရဲဘော်တွေပိုက်စိပ်တိုက်ရှာတော့ ပျဉ်းကတိုးခင်းနားမှာသွားတွေ့တာ။ မင်းတို့တွေမပြေးနဲ့ ဘာမှမလုပ်ဘူး ပြောတာကိုထွက်ပြေးတော့ နောက်ကပစ်လိုက် တော့ သေတာပေါ့၊ စခန်းနဲ့တောင်မနည်းဝေးသွားပြီ၊ နောက်ထပ် တမိုင်ခွဲလောက်သွားရင် ***တွေရှိတဲ့နေရာကိုရောက်ပြီ” လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ မှ သတင်း နဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောပါတယ်။
သူတို့ ၂ ဦးကို ဒီဇင်ဘာ ၃ ရက် မနက် ၉ နာရီလောက်က ဆင်ကူးရွာဘက်ကနေ ပဲခူးရိုးမထဲကို စစ်ကောင်စီ တပ်သားတွေစစ်ကြောင်းထိုးဖို့အတွက် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ပတ်သက်တဲ့အခြေအနေတွေကို လာရောက်စုံစမ်းနေချိန်မှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
“ဒီကောင်တွေက လက်နက်ကိုင်တဲ့ပျူစောထီးတွေ။ ဒီကောင်တွေက ပြည်သူတွေကိုသတ်ထားတာ ရှိတယ်ဗျ။ ပြည်သူတွေကိုသတ်ဖြတ်ခဲ့တာတွေ ကျူးလွန်ခဲ့တာတွေကိုဝန်ခံတယ်။ အဲ့ကောင်တွေက တောထဲမှာ သာမန်လုပ်ကိုင်စားနေတဲ့သူတွေကို PDF တွေကိုထောက်ပို့လုပ်တယ် ဘာညာပြောပြီး အဲ့လိုဖမ်းတာမျိုး တွေရှိတယ် ”လို့ ရဲဘော်ဒူးယားက ဆက်ပြောပါတယ်။
အရှည်ကြီးဟာ စစ်မှုထမ်းဟောင်းရဲ့သားဖြစ်ပြီး သူဟာ ပျူစောထီးတပ်ဖွဲ့စဖွဲ့ကတည်းက လုပ်ကိုင်ခဲ့သူဖြစ်ကာ ကိုဝေလင်းကတော့ ပျူစောထီးလုပ်ဖို့အတွက် အေးမြသာယာမြို့ပေါ်မှာ လာရောက်နေထိုင်တာ ၆ လလောက်ရှိပြီလို့ စုံစမ်းသိရကြောင်း သူကဆက်ပြောပါတယ်။
ဒါ့အပြင် အရှည်ကြီးဟာ အေးမြသာယာမြို့ရဲ့နာမည်ကြီး ပျူစောထီးခေါင်းဆောင်ဝဏ္ဏရဲ့ လက်ရုံးတပည့် ၁ ဦးဖြစ်ပြီး ပျူစောထီးဝဏ္ဏကတော့ အေးမြသာယာမြို့ပေါ်မှာ ပြည်သူတွေကိုစစ်မှုထမ်းဖို့အတွက် အဓိကလုပ်ဆောင်တဲ့သူဖြစ်တယ်လို့ ရဲဘော်ဒူးယားက ပြောပါတယ်။
သေဆုံးသွားတဲ့ပျူစောထီး ၂ ဦးကို ပစ်ခတ်ခဲ့တဲ့နေရာမှာပဲမြေမြှုပ်ခဲ့ပြီး လက်ရှိမှာ စစ်ကောင်စီဘက်က စစ်ကြောင်းတွေထိုးနေတဲ့အတွက် အချိန်မရွေးထိတွေ့မှုတွေဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာ ၄ ရက်နေ့ကလည်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ဖွဲ့တွေဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီတပ်သား ၁ ဦး ထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးချိန် သေဆုံးခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #အုတ်ဖို #ပျူစောထီး #ပစ်ခတ်ခံရ #သေဆုံး
Share Share Share