RBDF တပ်က AK လက်လုပ်သေနတ် အောင်မြင်စွာထုတ်လုပ်ပြီး တိုက်ပွဲမှာ စတင်အသုံးပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အခြေစိုက် Royal Brother Defence Force RBDF တပ်ဖွဲ့မှာ လက်လုပ် AK Auto/Semiauto သေနတ်အောင်မြင်စွာထုတ်လုပ်နိုင်ပြီး စမ်းသပ်တိုက်ပွဲဝင်နေတယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် ဇွန်လအစောပိုင်းကတည်းကဖွဲ့စည်းခဲ့တဲ့ RBDF ဟာ နွေဦးတော်လှန်ရေးအစမှာကတည်းက တူမီးသေနတ်၊ ဂက်စ်ဘူး တပ်ဆင်ပစ်ရတဲ့ ဂက်စ်သေနတ်၊ တတောင့်ထိုးသေနတ်၊ G3 ရိုင်ဖယ်တို့နဲ့ စတင်တိုက်ခိုက်တာဖြစ်ပြီး AK Auto/Simi Auto သေနတ်ထုတ်လုပ်နိုင်တဲ့ အဆင့်ထိ ရောက်လာခဲ့သလို လက်နက်ကြီးအနေနဲ့ တာဝေးပစ်ရှော့တိုက်ဒုန်းတွေကိုပါ ထုတ်လုပ်ပြီး တိုက်ခိုက်နေပြီလို့ သိရပါတယ်။

အခုလို AK သေနတ်ထုတ်လုပ်ဖို့အတွက် ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်းမှာ စတင်ခဲ့တာဖြစ်ပြီး နည်းပညာပိုင်းအနေနဲ့ တပ်ဖွဲ့မှာရှိတဲ့ AK သေနတ်ကိုဖြုတ်ပြီး ထုတ်လုပ်ခဲ့တာဖြစ်ပြီး မောင်းတုံးပြုလုပ်ရာမှာ သံအကြောင်း သိနားလည်တဲ့ ပညာရှင်ဆီမှာ နည်းပညာသင်ယူခဲ့ရတာမျိုးသာ ရှိတယ်လို့ တပ်ဖွဲ့တာဝန်ခံ ကိုရှမ်းကြီးက ပြောပါတယ်။

အားနည်းချက်အနေဖြင့် လက်လုပ်ပြောင်းဖြစ်တဲ့အတွက် ပြောင်းရဲ့ဒဏ်ခံနိုင်မှုက စက်ရုံထုတ်သေနတ်ထက် ခံနိုင်ရည်နည်းတာမျိုး ရှိနိုင်ပြီး အားသာချက်ကတော့ ကျည်ဘောက်က ကျည်ဆံ ၃၀ ထည့်ပစ်လို့ရတဲ့အတွက် တတောင့်ထိုး သေနတ်ထက်စာရင် စက္ကန့်ပိုင်းအတွင်းအချက်ရေများများ ပစ်ခတ်နိုင်တယ်လို့ သူကဆက်ပြောပါတယ်။

AK သေနတ် ၁ လက်ထုတ်လုပ်ဖို့ ကုန်ကြမ်းပစ္စည်းအလွယ်တကူရှိပါက ရက်ပေါင်း ၂၀ ကျော်ကြာမြင့်ကာ ၂၅ သိန်းကျပ် ကုန်ကျစရိတ်ရှိပြီး တပ်ဖွဲ့မှာ ရံပုံငွေနည်းပါးတဲ့အတွက် အရေအတွက်များများ မထုတ်လုပ်နိုင်တာလို့ ဆိုပါတယ်။

AK ထုတ်လုပ်ရာမှာ ကုန်ကြမ်းပစ္စည်းအလွယ်တကူ ဝယ်ယူလို့မရသလို ထုတ်လုပ်တဲ့ ကုန်ကျစားရိတ်အတွက် ငွေကြေးခက်ခဲတာမျိုးရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေကို Royal Brother Defence Force RBDF တပ်ဖွဲ့တခုတည်းရော မဟာမိတ်ပူးပေါင်းအဖွဲ့တွေနဲ့ပါ တိုက်ခိုက်ခဲ့တာက တိုက်ပွဲပေါင်း ၄၀ ကျော်ရှိပြီလို့ ကိုရှမ်းကြီးက ပြောပါတယ်။

Royal Brother Defence Force RBDF တပ်ဖွဲ့က ရဲဘော်တွေ AK ကိုင်နိုင်ဖို့ ကြိုးစားထုတ် လုပ်ခဲ့တာဖြစ်သလို ကုန်ကြမ်းဝယ်ယူရတာလွယ်ကူပြီး ငွေကြေးအဆင်ပြေပါက မဟာမိတ် တပ်ဖွဲ့တွေအတွက်လည်း ထုတ်လုပ်ပေးမှာပါလို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ MOD ဌာနအနေနဲ့လည်း AK ထုတ်လုပ်တဲ့အပိုင်းမှာ ကူညီအားဖြည့်ပေးနိုင်ပါက သေနတ်အရေအတွက် အများအပြား ထုတ်လုပ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်လို့ ကိုရှမ်းကြီး က ဆိုပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း ၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်း #မြောင် #RBDF #AKသေနတ် #ထုတ်လုပ်တိုက်ပွဲဝင် #ရံပုံငွေလိုအပ် #မြေလတ်သတင်း #ရုပ်သံသတင်း #နွေဦးတော်လှန်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10