RPG ပြောင်းကွဲသွားလို့ စစ်တပ်စခန်းကို မသိမ်းနိုင်ခဲ့ဟုဆို

RPG ပြောင်းကွဲသွားလို့ စစ်တပ်စခန်းကို မသိမ်းနိုင်ခဲ့ဟုဆို

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြိုနယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဇူလိုင် ၁၉ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger-MBT တပ်ဖွဲ့ဆီက သိရပါတယ်။

ရေစကြိုမြို့နယ်၊ ဟင်္သာ(ရွာမ)ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီအင်အား ၃၀ ခန့်ရှိ စခန်းကို မနက် ၅ နာရီအချိန်ခန့်မှာ အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပုခုံးထမ်းလောင်ချာ(RPG) ပြောင်းကွဲသွားတာကြောင့် စခန်းမသိမ်းနိုင်ဘဲ ပြန်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

"စခန်းထဲက ဗဟိုတိုက်အဆောက်အဦးကို RPG နဲ့ကျနော်တို့စပစ်တော့ ပြိုကျသွားတယ်။ စခန်းထဲဝင်ဖို့ ရှေ့က စက်ကလေးနဲ့ပစ်နေတဲ့ ဘန်ကာတခုကို နောက်တချက်ပစ်ဖို့လုပ်တဲ့အချိန် RPG ပြောင်းကွဲသွားတာ ထပ်ပစ်မရတော့ စခန်းသိမ်းဖို့ ဆက်မတက်နိုင်ဘဲ၊ ပြန်ဆုတ်ခဲ့ရတယ်"လို့  Myingyan Black Tiger-MBTတာဝန်ခံ ဗိုလ်မိုက်ခဲက မြေလတ်အသံကို ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ၄၀ မမ၊ ပုခုံးထမ်းလောင်ချာ(အာပီဂျီ)၊ လက်နက်ငယ်တွေနဲ့ PDF တွေဘက်က တိုက်ခိုက်ခဲ့ပြီး အာပီဂျီထိမှန်တာကြောင့် စစ်ကောင်စီစခန်းတဲ ၆ လုံးအနက်  စခန်းဗဟိုအဆောက်အဦးတခု ထိခိုက်ပျက်စီးခဲ့ကာ မိနစ် ၃၀ ခန့်အကြာထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အုပ်စုက ကျေးရွာအဝင်အထွက်ကို ပိတ်ဆို့ထားတဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ပြီး အပြန်အလှန်ပစ်ခတ်နေချိန်အတွင်း စစ်ကောင်စီတပ်သားတွေဘက်က အော်ဟစ်ငြီးငြူသံတွေကြားနေရကာ  ၄၊ ၅ ဦးလောက်သာ ပြန်လည်ပစ်ခတ်နိုင်လို့ ထိခိုက်မှုတွေရှိနိုင်တယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၂ ရက်ကလည်း MBT အဖွဲ့က ကျွန်းမကြားကျေးရွာ ဆိပ်ကမ်းအနီးမှာကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီအင်အား ၄၀ ခန့်ကို စနိုက်ဘာသေနတ်နဲ့သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #ရေစကြို #တိုက်ပွဲသတင်း #စစ်ကောင်စီတပ် #PDF #RPG #ပြောင်းကွဲမှု

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10