TNLA သိမ်းထားတဲ့ ရှမ်းမြောက်ကတပ်ဆီပြန်မရလို့ သံတောင်ဗျူဟာကိုအပို့ခံရတဲ့ ဗိုလ်ကြီး ဇော်မိုးဟိန်း လိပ်သိုတိုက်ပွဲမှာ သေဆုံး

TNLA သိမ်းထားတဲ့ ရှမ်းမြောက်ကတပ်ဆီပြန်မရလို့ သံတောင်ဗျူဟာကိုအပို့ခံရတဲ့ ဗိုလ်ကြီး ဇော်မိုးဟိန်း လိပ်သိုတိုက်ပွဲမှာ သေဆုံး

ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အစပ် သံတောင်ကြီးမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ် ခမရ ၃၂၄ က ဗိုလ်ကြီး ဇော်မိုးဟိန်း သေဆုံးခဲ့တယ်လို့ သံတောင်ကြီးတပ်နယ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဗိုလ်ကြီး ဇော်မိုးဟိန်းဟာ ဖေဖော်ဝါရီ ၁ ရက် နေ့လယ်ပိုင်းမှာ သံတောင်မြို့နယ်၊ လိပ်သိုမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်တဲ့ဖြစ်စဉ်အတွင်း သေဆုံးသွားတာဖြစ်ပြီး အဆိုပါတိုက်ပွဲအတွင်း ၎င်းအပါစစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှုများပြားတယ်လို့ ဆိုပါတယ်။

“ အရာရှိကျတာက သူရယ်၊ နောက်တယောက်ရယ် ။ အခြားအဆင့်တွေထဲက ကျတာလည်းများတယ်” လို့ သံတောင်ကြီးတပ်နယ်ရှိ တပ်သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

လိပ်သိုမြို့အနီးက မိုင်းလွန်ကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နဲ့ ၂ ရက်နေ့တွေက တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီ ဇလဲတပ်စခန်းနဲ့ လိပ်သိုမြို့အနီး စစ်ကောင်စီတပ်စခန်းတွေကနေ လက်နက်ကြီးပစ်ကူ အများအပြားပစ်ခတ်ခဲ့တယ်လို့လည်း ဒေသခံတွေက မြေလတ်အသံကို ပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ လိပ်သိုဗျူဟာ၊ မိုင်းလွန်ပင်မစခန်းကို ၃ ရက်ကြာ တိုက်ခိုက်ပြီးနောက်သိမ်းပိုက်နိုင်ခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း ၇ လောင်းအပါအဝင် ၂၀ ကျော်သေဆုံးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း  ဖေဖော်ဝါရီ ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဗိုလ်ကြီး ဇော်မိုးဟိန်းဟာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ နမ္မတူမြို့ ခမရ ၃၂၄ တပ်ရင်းကဖြစ်ပြီး သံတောင်ကြီးရှိ တိုက်ခိုက်ရေးကျောင်း(ဘုရင့်နောင်) မှာ သင်တန်းတက်ရောက်နေရာကနေ ၎င်းရဲ့တပ်ရင်းဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - TNLAရဲ့ သိမ်းပိုက်ခံလိုက်ရလို့ တပ်ရင်းကိုမပြန်ရဘဲ လိပ်သိုဗျူဟာသို့ ပို့ဆောင်ခံရစဉ် တိုက်ပွဲအတွင်းအခုလိုသေဆုံးခဲ့တာလို့ သိရပါတယ်။

“ ရှမ်းမြောက်ကတပ်ကနေ သံတောင်ကြီးမှာ ခွဲမှူးသင်တန်း ၄ လ လာတက်တာ။ သင်တန်းပြီးပေမယ့် သူ့တပ်ကို တင်နီလာအေး(TNLA)က သိမ်းထားလို့ ပြန်စရာမရှိလို့ နီးတဲ့လိပ်သိုဗျူဟာကို တွဲဖက်အင်အားဖြည့်နဲ့ ပို့ထားတာ” လို့ အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။

ယမန်နှစ်အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ရှမ်းမြောက်ဒေသက မြို့နယ် ၁၆ ခုမှာ နမ္မတူမြို့နယ်လည်းပါဝင်တာဖြစ်ပြီး အဆိုပါမြို့မှာ အခြေစိုက်ထားတဲ့ ခမရ ၃၂၄ တပ်ရင်းကိုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်မှာ TNLA တပ်က အပြီးသတ်သိမ်းပိုက်ထားတာပါ။

အသက် ၂၆ နှစ်အရွယ်ရှိ ဗိုလ်ကြီး ဇော်မိုးဟိန်းဟာ စစ်တက္ကသိုလ်အမှတ်စဉ် ၆၀ ဆင်းအရာရှိတဦးဖြစ်ပြီး ၂၀၂၂၊ ဒီဇင်ဘာလကမှ ဗိုလ်ကြီးအဆင့်ရရှိထားတာလို့ သိရပါတယ်။

မိုင်းလွန်အောက်ရွာတပ်စခန်း တော်လှန်ရေးတပ်တွေရဲ့သိမ်းပိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်က လိပ်သိုမြို့အခြေစိုက် ခမရ ၆၀၃ ကို တပ်အင် အားဖြည့်တင်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

ပုံစာ - သေဆုံးသွားသည့် ဗိုလ်ကြီး ဇော်မိုးဟိန်းနှင့် မိုင်းလွန်တပ်စခန်းအား တော်လှန်ရေးတပ်များ သိမ်းပိုက်နိုင်ခဲ့ပြီးနောက်တွေ့ရစဉ်။

 

#မြေလတ်အသံ

#ကရင် #သံတောင် #လိပ်သို #တိုက်ပွဲ #ဗိုလ်ကြီး #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10