The Way ရုပ်ရှင်အဖွဲ့နဲ့ ဒေသတော်လှန်ရေးအဖွဲ့တွေပူပေါင်းပြီး စစ်ရှောင်တွေကို ထောက်ပံ့ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာတရွာက စစ်ရှောင်ပြည်သူတွေနဲ့ ကလေးငယ်တွေကို ရိက္ခာနဲ့ မုန့်မျိုးစုံတို့ကို ဖေဖော်ဝါရီ ၁၂ ရက်က ကူညီထောက်ပံ့ပေးခဲ့တယ်လို့ မြောင်နယ်ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့ CDSOM အဖွဲ့ဆီက သိရပါတယ်။

စစ်ရှောင်ပြည်သူတွေအတွက် The Way  ရုပ်ရှင်အဖွဲ့သားတွေက စစ်ရှောင်အိမ်ထောင်စုတစုကို ဆန် ၃ ပြည်၊ ဆီ ၁ ပိသာနှုန်းဖြင့် အိမ်ထောင်စု ၈၂ စုအတွက် ထောက်ပံ့မှုကို မြောင်လူငယ်ကွန်ရက် YFC ကနေတဆင့် ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

ပျူနဲ့စစ်တပ်အထိုင်ချစခန်းနဲ့နီးတဲ့အတွက် မနေထိုင်ရဲလို့ မြင်းခြံမြို့နယ်ကနေ မြောင်နယ်ကို ဇန်နဝါရီလအစောပိုင်းမှာ စစ်ရှောင်ခဲ့ရတဲ့လူ ၃၀၀ ကျော်ဟာ စားသောက်ရေးခက်ခဲနေလို့ သွားရောက်ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

အလားတူ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ CDSOM က ရဲဘော်တွေရဲ့ရိက္ခာ စိုက်ခင်းကထွက်ရှိတဲ့ အသီးအနှံတွေ၊ YfC အဖွဲ့ရဲ့တော်လှန်စိုက်ခင်းက နွေပဲသီး၊ ဗူးသီး၊ ခရမ်းသီး၊ ခရမ်းချဥ်သီးတွေကိုလည်း မျှဝေထောက်ပံ့ခဲ့ပါတယ်။

ဒါ့အပြင် လူသားချင်းစာနာကူညီကြတဲ့ အလှုရှင်ပြည်သူတွေကလည်း စစ်ရှောင်ကလေးငယ်တွေအတွက် ရေခဲမုန့်၊ ကိတ်မုန့်နဲ့ အခြား မုန့်တွေကိုလည်း ကျွေးမွေးခဲ့တယ်လို့ ကိုနွေဦးမောင်က ပြောပါတယ်။

အခုလိုစစ်ရှောင်ပြည်သူတွေကိုသွားရောက်ကူညီရာမှာ Wolf Brother အဖွဲ့က ရေကြောင်းသွားလာရေးအတွက် စက်လှေများနဲ့ ညစာအတွက်ကူညီပေးတာ၊ ဆင်ရိုင်းစစ်ကြောင်း -မြောင်က ကုန်းလမ်းခရီးအတွက် လုံခြုံရေးကူညီပေးတာနဲ့ PDF -Taloke မြင်းခြံအဖွဲ့က လိုအပ်တာတွေ လိုက်ပါကူညီ လုပ်ကိုင်ပေးတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #စစ်ကိုင်း #မကွေး #စစ်ရှောင်ထောက်ပံ့ကူညီ #TheWay 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10