YOMA GBK-PDF တပ်ဖွဲ့ဝင် ၂ ဦး စစ်တပ်နဲ့ပူးပေါင်းပြီး တပ်ဖွဲ့ထံဖုန်းဆက်စိန်ခေါ်

YOMA GBK-PDF တပ်ဖွဲ့ဝင် ၂ ဦး စစ်တပ်နဲ့ပူးပေါင်းပြီး တပ်ဖွဲ့ထံဖုန်းဆက်စိန်ခေါ်

 

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်အခြေစိုက် YOMA GBK-PDF က PDF ရဲဘော် ၂ ဦး စစ်ကောင်စီတပ်သားတွေဆီ လက်နက်ချပူးပေါင်းသွားတယ်လို့  YOMA GBK-PDF တပ်ဖွဲ့က တပ်ခွဲမှူး ရဲဘော် ကရင်လေးက ပြောပါတယ်။

YOMA GBK-PDF တပ်ဖွဲ့က တပ်စိတ်မှူးတာဝန်ယူထားကြတဲ့ ရဲဘော်အသေးလေးနဲ့ ရဲဘော်စလိုင်း(ခ) လိုင်းယွန်းတို့ဟာ ဇွန်လ ၁၀ ရက် မနေ့က နေ့လယ်လောက်မှာ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာ ရဲစခန်းရှိ စစ်ကောင်စီအဖွဲ့တွေနဲ့ ပူးပေါင်းသွားတာလို့ ဆိုပါတယ်။ 

“အဲဒီနှစ်ဦးကို မနေ့မနက် ၉ နာရီလောက်က မိုင်းကွင်းတွေစစ်ဆေးဖို့ တာဝန်ပေးချိန်မှာ (စစ်တပ်ဘက်) ဝင်သွားတာ။ လက်နက်တော့ပါမသွားဘူး။ စလိုင်းက ရဲစခန်းကနေ ကျနော်တို့စခန်းကို လူအင်အား ၂၀ လောက်နဲ့ ဝင်စီးနိုင်တယ်ဆိုပြီး ဖုန်းဆက်စိန်ခေါ်တာလည်း ရှိသေးတယ်” လို့  YOMA GBK-PDF တပ်ခွဲမှူး ကရင်လေးက ပြောပါတယ်။

ရဲဘော်အသေးလေးဟာ ကြို့ပင်ကောက်မြို့နယ်အနောက်ခြမ်း ထန်းတောရွာသားဖြစ်ပြီး YOMA GBK-PDF မှာ ၂ နှစ်ခွဲလောက် တာဝန်ထမ်းခဲ့သူဖြစ်ပြီး ရဲဘော်စလိုင်းကတော့ နတ်တလင်းမြိုန့ယ်၊ ပဲမခမ်းရွာသားဖြစ်ကာ တပ်ဖွဲ့ကိုရောက်တာ ၁ လဝန်းကျင်လောက်ပဲ ရှိသေးတယ်လို့ ဆိုပါတယ်။ 

ရဲဘော်စလိုင်းရဲ့ မိသားစုဝင်တွေဟာ စစ်တပ်အောက်ခြေအသိုင်းအဝိုင်းထဲကဖြစ်ပြီး ဦးလေးဖြစ်သူ စစ်သားတပ်ကြပ်တဦးနဲ့ ချိတ်ဆက်ပြီး ပူးပေါင်းသွားတာဖြစ်နိုင်တယ်လို့ တပ်ခွဲမှူး ကရင်လေးက ပြောပါတယ်။ 

YOMA GBK အဖွဲ့ကိုမရောက်ခင် ရဲဘော်စလိုင်းဟာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ ရင်းရုံးမှာလည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး Phoenix DF တပ်ဖွဲ့မှာလည်း ရက်အနည်းငယ်နေသွားဖူးတယ်လို့ Phoenix DF  တပ်ခွဲမှူး ဗိုလ်မိုးကြိုးက ပြောပါတယ်။ 

သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးကတော့ ၎င်းတို့  ၂ ဦး စစ်ကောင်စီနဲ့ ပူးပေါင်းသွားတာဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို တပ်လှန့်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်မှုထမ်းဥပဒေကြောင့် တော်လှန်တပ်ဖွဲ့တွေထဲ ဝင်လာသူတွေကိုလည်း စိစစ်ဖို့ လိုအပ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။ 

“စစ်မှုထမ်းဥပဒေကြောက်လို့ ထွက်ပြေးလာတဲ့ လူတိုင်းကို ကိုယ့်ပြည်သူပြည်သားဆိုတဲ့ စိတ်ဓါတ်၊  ပြည်သူကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့စိတ်ဓါတ်တွေနဲ့ လက်ကမ်းကြိုဆိုတာကိုတော့ ကောင်းမွန်ပါတယ်။ ဒါပေမယ့် တော်တော်လေးကို စိစစ်ပြီး ရင်းမြစ်ကိုလိုက်ပြီး စစ်**တွေရဲ့  ဒလန်တွေ ဟုတ်၊မဟုတ်ကိုလည်း သေချာအောင်လုပ်ရမယ်” လို့ ပြောပါတယ်။

ဇွန်လ ၁၁ ရက်ဒီမနက် ၈ နာရီလောက်မှာတော့ ကြို့ပင်ကောက်မြို့ကနေ စစ်ကောင်စီဘက်က အင်အား ၆၀ ဝန်းကျင်ပါ စစ်ကား ၂ စီးနဲ့  အုတ်ဖိုနယ်၊ ဝိုင်းရဲစခန်းကို အင်အားတွေထပ်ဖြည့်နေတယ်လို့ သိရပါတယ်။ 

ပုံစာ - စစ်ကောင်စီထံ ပူးပေါင်းသွားသည့် စလိုင်းနှင့် အသေးလေး။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ကြို့ပင်ကောက် #YOMAGBK-PDF #စစ်ကောင်စီ #ပူးပေါင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10