Yu&Tulip Foundation အဖွဲ့က PDF တပ်ရင်းတခုကို စတားလင့်ခ် ထောက်ပံ့

Yu&Tulip Foundation အဖွဲ့က PDF တပ်ရင်းတခုကို စတားလင့်ခ် ထောက်ပံ့

Yu&Tulip Foundation အဖွဲ့က အညာဒေသရှိ PDF တပ်ရင်းတရင်းကို ဆက်သွယ်ရေးလိုင်း အဆင်ပြေစေဖို့အတွက် ဧပြီ ၂ ရက်မှာ စတားလင့်ခ် (Starlink) ၁ ခု ထောက်ပံ့ပေးခဲ့တယ်လို့ အဲဒီအဖွဲ့ဆီက သိရပါတယ်။

အညာဒေသမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ဆက်သွယ်ပြောဆိုရတာ ခက်ခဲနေတဲ့အတွက် ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။ စတားလင့်ခ် (Starlink) တခုကို တန်ဖိုး ၃၄ သိန်းကျော်ရှိပြီးစရိတ်က ၇ သိန်းခန့်နဲ့ စုစုပေါင်း သိန်း ၄၀ ကျော်ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။

"တော်လှန်ရေးမှာ ဆက်သွယ်ရေးသွေးကြောကလည်း အဓိကကျပါတယ်။ သူတို့လူတွေ မြေပြင်မှာမရှိတော့ ဖက်ဆစ်စစ်တပ်က လိုင်းဖြတ်တောက်ဖို့လုပ်နေကြတာကို ကလစ် ပြန်တပ်ပေးတဲ့အနေနဲ့ ထောက်ပံ့ပေးတာပါ" လို့ Yu&Tulip Foundation တည်ထောင်သူအမျိုးသမီးက ပြောပါတယ်။

Yu&Tulip Foundation အနေနဲ့ အညာဒေသက တပ်ရင်းတွေကို စတားလင့်ခ်ထောက်ပံ့တာဟာ ခုတကြိမ်နဲ့ဆို ၃ ကြိမ်မြောက်ရှိပြီး နောက်ထပ်ထောက်ပံ့နိုင်ဖို့လည်း စီစဥ်ထားတယ်လို့ သူကဆက်ပြောပါတယ်။ 

စတားလင့်ခ် လက်ခံရရှိထားတဲ့ PDF တပ်ရင်းတခုမှ တပ်ရေးတာဝန်ခံတဦးကလည်း ဆက်သွယ်ရေး ခက်ခဲနေချိန်မှာ ခုလိုထောက်ပံ့ပေးတဲ့အတွက် ထောက်ပံ့သူတွေကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။ 

"အညာဒေသဆိုတာ စစ်တပ်ရဲ့ ယုတ်မာရက်စက်တာကို ခံစားနေရတယ်။ ဒါ့အပြင် အင်တာနက်နဲ့ ဖုန်းလိုင်း အခက်အခဲပါကြုံတွေ့နေရတယ်။ တောင်ကုန်းပေါ် ဝါးတိုင်ထောင်ပြီး လိုင်းသုံးခဲ့ရတယ်။ အခုလို စတားလင့်ခ် ထောက်ပံ့ပေးတဲ့ ဖောင်းဒေးရှင်းကို ကျေးဇူးတင်ပါတယ်" လို့ PDF တပ်ရင်း တပ်ရေးတာဝန်ခံက ပြောပါတယ်။

Yu&Tulip Foundation ကို ၂၀၂၃ ဒီဇင်ဘာ ၈ ရက်မှာ ပြည်ပရောက်အမျိုးသမီးတဦးနဲ့ ပြည်တွင်းရှိ မြေပြင်ထောက်ပို့အမျိုးသမီးတဦးတို့က ဖွဲ့စည်းထားတာဖြစ်ပြီး လက်ရှိမှာ စတားလင့်ခ်အပြင် စစ်ရှောင်နဲ့ မီးဘေးသင့်ပြည်သူတွေ၊ တိုက်ပွဲမှာဒဏ်ရာရခဲ့တဲ့ ရဲဘော်တွေနဲ့ PDF တပ်ရင်းတပ်ဖွဲ့တွေကိုလည်း ကူညီထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#အညာဒေသ #တော်လှန်ရေးတပ်ဖွဲ့ #ဆက်သွယ်ရေး #စတားလင့်ခ် #ထောက်ပံ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10