စစ်ကြောင်းထိုးလို့ ဒီပဲယင်းမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်တို့က ဒေသခံ ၂ သောင်းကျော် ထွက်ပြေးရပြန်

စစ်ကြောင်းထိုးလို့ ဒီပဲယင်းမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်တို့က ဒေသခံ ၂ သောင်းကျော် ထွက်ပြေးရပြန်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်တို့မှာ သြဂုတ်လ ၉ ရက် ဒီနေ့မနက် ၆ နာရီလောက်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံ ၂ သောင်းကျော်ထက်မနည်း ထွက်ပြေးနေရတယ် လို့ ဒေသတွင်းအဖွဲ့အစည်းတွေဆီက သိရပါတယ်။

ဒီပဲယင်းမြို့ပေါ်မှာတော့ အင်အား ၁၀၀ ကျော်နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရေဦးမြို့ပေါ်ကနေတဆင့် ဒီပဲယင်းမြို့ထဲကို မနေ့ကတည်းဝင်ရောက်ခဲ့ပြီ ဒီနေ့မနက်မှာတော့ နဘဲလှကျေးရွာထဲကို ဝင်ရောက်မွှေနှောက်သွားသလို အဲဒီရွာ နဲ့ ၃ ဖာလုံလောက်ဝေးတဲ့ အေးသာယာ (ပျံကျကျေးရွာ)ကိုလည်း ဆက်လက်ဝင်ရောက်နေတယ်လို့ ဆိုပါတယ်။

အလားတူ ယင်းမာပင်မြို့နယ်မှာလည်း ဒီမနက်အစောပိုင်းစစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ကာ စစ်ကြောင်းထိုးလာလို့ ဒေသခံ ၁ သောင်းခွဲကျော်တိမ်းရှောင်နေရတယ်လို့ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်ရဲ့ပြောရေးဆိုခွင့်ရသူက ပြောပါတယ်။

“သူတို့ ပဲယင်းကိုလာတဲ့လမ်းတလျှောက်လုံးလက်နက်ကြီးတွေရော၊ စက်လက်နက်တွေရောပစ်ဖောက်ပြီး ဝင်လာတာပါ။ ဖမ်းဆီးခံရတဲ့ရွာသားတွေတော့ မကြားမိသေးဘူး။ ရွာတွေထဲဝင်ပြီး ဘာတွေ ယူသွားလဲဆိုတာတော့ ကျနော်တို့လည်း ရွာနားမကပ်ရဲတော့ ဘာမှတိတိကျကျမသိရသေးဘူး။ အခုလက်ရှိ သူတို့တွေ နဘဲလှရွာထဲမှာရောက်နေတယ်”လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးကူညီသူတဦးက ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်ဖွဲ့တွေက အင်အားအများအပြားနဲ့ ကျေးရွာတွေထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေဖြစ်တဲ့ ကြခတ်ကျေးရွာ၊ မန်ကျည်းစောက်ကျေးရွာ၊ ကြည်ရွာ၊ ဘုရားထွက်ကျေးရွာ ၊မန်ကျည်းအုပ်ကျေးရွာ၊ အေးသာယာကျေးရွာ၊ နဘဲလှကျေးရွာ၊ ပုံဂံကျေးရွာ၊ လတ်တီးကျေးရွာ၊ယင်းတွေကျေးရွာ စတဲ့ကျေးရွာက ဒေသခံပြည်သူ တသောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

"ရွာသားတွေကတော့ ဘေးလွတ်ရာကျေးရွာတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ သူတို့အမျိုးတွေရှိတဲ့ရွာ ရှောင်တယ်။ တချို့ကျတော့လည်းလမ်းမဘေးတွေ၊ သစ်ပင်အောက်တွေမှာ ရှောင်နေရတယ်။ အခု သူတို့အခုဝင်နေတဲ့ ပျံ့ကျရွာကိုလည်းအရင်လတွေတုန်းက မီးရှို့ထားတာ တရွာလုံးနီးပါးပဲ”လို့ ဆိုပါတယ်။

ဒီပဲယင်းမြို့နယ်ထဲကိုဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ သြဂုတ်လ ၁ ရက်ကလည်း ဒီပဲယင်းမြို့ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ဒီပဲယင်းမြို့နယ် ရွာရှည်ကျေးရွာက ကိုနိုင်နဲ့ မချောစုဝင်းတို့ ၂ ဦး ထိမှန်သွားခဲ့ပါတယ်။ ကိုနိုင်ကတော့ ပေါင်နဲ့ ခြေထောက်တခုလုံးထိခိုက်သွားသလို  ကိုယ်ဝန် (၇)လလွယ်ထားရတဲ့ မချောစုဝင်းမှာတော့ လက်နက်ကြီးစ ထိမှန်သွားတဲ့အတွက် ဆေးကုသမှုခံယူနေရတယ် လို့လည်း သိရပါတယ်

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်းတိုင်း #ယင်းမာပင် #ဒီပဲယင်း #စစ်ရှောင် #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10