စစ်သားစုဆောင်းရင်း သေနှုန်းမြင့်လာတဲ့ အုပ်ချုပ်ရေးမှူးများ (ဆောင်းပါး)

စစ်သားစုဆောင်းရင်း သေနှုန်းမြင့်လာတဲ့ အုပ်ချုပ်ရေးမှူးများ (ဆောင်းပါး)

 ပဲခူးတိုင်းအနောက်ခြမ်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေအရ စာရင်းပါသူတွေကို ဧပြီတတိယ အပတ်၊ သင်္ကြန်အပြီးမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အတင်းအဓမ္မခေါ် ယူနေကြပါတယ်။ 

အခုလို အာဏာသိမ်းစစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းမှုမှာ စာရင်းကောက်တာ၊ မဲနှိုက်တာနဲ့ အတင်းအဓမ္မ လူခေါ်တာတွေအတွက် အဓိက အကျိုးဆောင်ပေးနေကြသူတွေဟာ ရပ်ကျေးအုပ်ချူပ်ရေးအဖွဲ့ဝင်တွေပဲ  ဖြစ်ကြပါတယ်။ 

ဒါကြောင့်လည်း ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက် စစ်မှုထမ်းဥပဒေပြဌာန်းလိုက်ပြီးနောက်မှာ ရပ်/ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်တွေကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဆက်တိုက်ဆိုသလို ရှင်းလင်းခဲ့ရာမှာ အုပ်ချုပ်ရေးမှူးအပါအဝင် အုပ်ချုပ်ရေးအဖွဲ့ဝင်သေဆုံးမှုတွေဟာ ပဲခူးတိုင်းအနောက်ခြမ်းမှာ အရင်ကထက် ပိုမိုမြင့်တက်လာနေတာကို တွေ့ရပါတယ်။ 

ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက "စကစဒေါက်တိုင်တွေကို စတင်ရှင်းလင်းနေပြီ” လို့ ပြောပါတယ်။ 

မြေလတ်အသံသတင်းဌာနရဲ့ ပြုစုထားတဲ့စာရင်းတွေအရ ပဲခူးတိုင်းအနောက်ခြမ်းမှာ ရပ်ကျေးအုပ်ချုပ်ရေး မှူးတွေအပါအဝင် စစ်ကောင်စီသတင်းပေးတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ရှင်းလင်းခဲ့ရာမှာ ၂၀၂၃ ဇန်နဝါရီကနေ ၂၀၂၄ ဧပြီ ၂၃ အထိ သေဆုံးခဲ့တဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် ၄၇ ယောက်ကျော်အထိရှိပြီး ပျူစောထီးနဲ့ သတင်းပေး ၇၃ ယောက်အထိရှိပါတယ်။ 

တနှစ်ကျော်ကာလအတွင်း အသတ်ခံရတဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ပျူစောထီးနဲ့ သတင်းပေး စုစုပေါင်းဟာ အယောက် ၁၂၀ ရှိတာကြောင့် စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတရင်းစာနဲ့ ညီမျှတဲ့အင်အားရှိတာကို တွေ့ရပါတယ်။ ပျမ်းမျှတလမှာ ၇ ယောက်နှုန်းနဲ့ အသတ်ခံရတာဖြစ်ပါတယ်။ 

ဒါကြောင့် မြို့နယ် ၁၄ ခု၊ ကျေးရွာပေါင်း ၃,၆၅၉ ခုရှိတဲ့ ပဲခူးတိုင်းအနောက်ခြမ်းဒေသဟာ စစ်မှုထမ်းဥပဒေ မကျင့်သုံးခင်ကတည်းက ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ သတ်ဖြတ်ခံရတာများလို့ တာဝန်ကနေ နုတ်ထွက်ချင်သူတွေများတဲ့ ဒေသဖြစ်ပါတယ်။ 

မြေလတ်အသံသတင်းဌာကန ၂၀၂၃ စက်တင်ဘာက ဖော်ပြခဲ့တဲ့ ‘ပဲခူးအနောက်ခြမ်းက အုပ်ချုပ်ရေးမှူးတွေ ဘာလို့ အစုလိုက်အပြုံလိုက် နုတ်ထွက်ချင်ကြသလဲ’ သတင်းဆောင်းပါးမှာဆိုရင် နုတ်ထွက်စာတင်ထားကြတဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် ၁၅၀ ထက်မနည်းရှိနေခဲ့တာပါ။ 

စစ်မှုထမ်းဥပဒေပြဌာန်းလိုက်တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နောက်ပိုင်းမှာတော့ ရှင်းလင်းခံရတဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေအပါအဝင် ပျူစောထီးနဲ့ စစ်တပ်သတင်းပေးအရေအတွက်ဟာ တလကို ၁၄ ယောက်အထိ တိုးမြင့်လာတာ တွေ့ရပါတယ်။

ရှမ်းမြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့ အချိန်ကစလို့ မင်းအောင်လှိုင်ရဲ့ တပ်သားတွေ အစုလိုက် အပြုံလိုက် သေဆုံးတာ၊ ထွက်ပြေးလက်နက်ချအလင်းဝင်တာတွေ အများအပြား ဖြစ်ခဲ့ပြီး တပ်အင်အားပြုန်းတီးမှုတွေ ဖြစ်ခဲ့ပါတယ်။ 

တပ်အင်အားပြုန်းတီးမှုတွေကို ပြန်လည်ဖြည့်တင်းနိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားခဲ့ရာက ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်မှုထမ်းဥပဒေကို ကျင့်သုံးကြောင်း အာဏာသိမ်းစစ်တပ်က ကြေညာခဲ့ပါတယ်။ 

စစ်မှုထမ်းဥပဒေကို ကျင့်သုံးပြီဖြစ်ကြောင်း အာဏာသိမ်းစစ်တပ်က ကြေညာပြီး ၁ လအတွင်းမှာပဲ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဖွဲ့ပြီး တိုင်း၊ ပြည်နယ်၊ ခရိုင်အဆင့်နဲ့ မြို့နယ်အဆင့် အဖွဲ့တွေဖွဲ့စည်းခဲ့ကြပါတယ်။ အဲဒီနောက် အဖွဲ့ဝင်တွေဟာ အရပ်သားတွေကို အစည်းအဝေးခေါ်ယူ ဝါဒဖြန့်တာ၊ လက်ကမ်းစာဆောင် ဖြန့်ဝေတာနဲ့ စစ်မှုထမ်းဥပဒေထောက်ခံပွဲတွေပါ ဖန်တီးပေးခဲ့ကြပါတယ်။

ရပ်ကွက်၊ ကျေးရွာတွေမှာ စစ်မှုထမ်းဖို့ လူရွေးချယ်စုဆောင်းတာ၊ မဲနှိုက်တာတွေကို မြေပြင်မှာ အဓိက လက်တွေ့ အကောင်အထည်ဖော်ပေးနေကြတဲ့သူတွေဟာ စစ်ကောင်စီကခန့်အပ်ထားတဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ ဖြစ်ကြပါတယ်။ 

ပေါင်းတည်မြို့နယ်၊ အထွေတွေအုပ်ချုပ်ရေးဌာနနဲ့ နီးစပ်သူတဦးက “လဝက( လူဝင်မှုကြီးကြပ်ရေး) ကနေ အသက် ၁၈ နှစ်ကနေ ၃၅ နှစ် စာရင်းကို အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေဆီ ပေးပို့တယ်။ အဲဒီမှာ ဝန်ထမ်းနဲ့  စိတ်ကျန်းမာရေး ကောင်း၊ မကောင်းကို  အုပ်ချုပ်‌ရေးအဖွဲ့တွေက အတည်ပြုပေးရတယ်။” လို့  ရှင်းပြပါတယ်။ 

စစ်မှုထမ်းနည်းဥပေဒ အတည်မပြုရသေးတာကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ်စရာမလိုကြောင်းနဲ့ သင်္ကြန်ရုံးပိတ်ရက်အပြီးမှ စစ်မှုထမ်းဖို့ လူစုဆောင်းမယ်လို့ အာဏာသိမ်းစစ်တပ်က ကြေညာနေခဲ့စဉ်မှာပဲ မြေပြင်မှာတော့ အသက် ၁၈ မှ ၃၅ အရွယ် အမျိုးသားတွေကို မဲနှိုက်စေပြီး မဲပေါက်သူတွေဟာ စစ်သင်တန်း အပို့ခံနေရပါတယ်။ 

Burma Affairs & Conflict Study - BACS ရဲ့ အစီရင်ခံစာအရ အာဏာသိမ်းစစ်တပ်ဆီမှာ စစ်မှုထမ်းဖို့ ပထမအသုတ်အဖြစ် စုဆောင်းခံထားရတဲ့ နိုင်ငံတဝန်းက လူငယ်အင်အား ၅,၀၀၀ ဟာ မတ်လအကုန်မှာ စစ်သင်တန်းကျောင်း ၁၅ ကျောင်းဆီ ပို့ဆောင်ခံခဲ့ရပါတယ်။ 

အုတ်တွင်း တတက ၆ တွင် စစ်မှုထမ်းရန်စုဆောင်းခံထားရသူများ။
အုတ်တွင်း တတက ၆ တွင် စစ်မှုထမ်းရန်စုဆောင်းခံထားရသူများ။

သူတို့ကို တပ်မတော်တန်းမြင့်သင်တန်းကျောင်းနဲ့ စစ်အခြေခံလေ့ကျင့်ရေးတပ်တို့ကို အဓိကပို့ဆောင်တာကို တွေ့ရတယ်လို့ BACS ရဲ့ ‘စစ်ကောင်စီရဲ့ စစ်မှုထမ်းစနစ် အကောင်အထည်ဖော်မှု’ အစီရင်ခံစာမှာ ဖော်ပြပါ တယ်။ 

နေရပ်မှာ မရှိလို့ ကိုယ်တိုင်မဲမနှိုက်နိုင်သူတွေကိုလည်း အုပ်ချုပ်ရေးမှူးတွေက စာရင်းထဲထည့်ပြီး မိသားစုဝင်တွေကို ကာယကံရှင်ကိုယ်စား မဲနှိုက်ခိုင်းကြပါတယ်။

အဓမ္မစစ်သားစုဆောင်းနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်ဟာ သင်္ကြန်အပြီးမှာ ပိုလို့ဆိုးဝါးလာပါတယ်။ စစ်မှုထမ်းမဲစာရင်းပါထားတဲ့ လူငယ်တွေဟာ ကြိုတင်အကြောင်းကြားခံရတာမရှိဘဲ နေအိမ်အထိရောက် လာပြီး ရုတ်တရက် ဝင်အဆွဲခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဧပြီ ၁၈ ရက်ကစပြီး ပေါင်းတည်၊ မိုးညို၊ အုတ်ဖိုနဲ့ ကြို့ပင်ကောက်မြို့နယ်တွေမှာ စစ်မှုထမ်းစာရင်းပါတဲ့ သူတွေကို အာဏာသိမ်းစစ်တပ်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ပေါင်းပြီး ရုတ်တရက် နေအိမ်အထိရောက် လာပြီး အတင်းအဓမ္မခေါ်ဆောင်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပေါင်းတည်မြို့နယ်မှာ ဧပြီ ၁၉ ရက် နေ့လယ်ပိုင်းမှာ နေအိမ်အထိလာကာ  လူငယ် ၅ ဦး ထက်မနည်း စစ်မှုထမ်းဖို့ အဆွဲခံခဲ့ရပါတယ်။ 

“သိရသလောက်က ၈ ဦးကို ခေါ်တာ ၅ ဦးက အိမ်မှာ ရှိနေတော့ ပါသွားတယ်။ ကျန်တဲ့ ၃ ဦးက အလုပ်သွား နေလို့ မပါဘူး။ ဘယ်ကိုခေါ်သွားလဲတော့ မသိဘူး။ သွေးတခါတည်းစစ်တယ်လို့ ပြောတယ်” လို့ မြို့ခံ အမျိုးသားတဦးက ပြောပါတယ်။ 

နတ်တလင်းမြို့နယ်၊ တာပွန်မြို့မှာလည်း ဧပြီ ၁၉ ရက်က စစ်မှုထမ်းဖို့လာခေါ်ခံရစဉ် ထွက်ပြေးသွားသူ ၂ ဦးရဲ့ ဇနီးသည်တွေ အဖမ်းခံခဲ့ရပါတယ်။ 

“ထွက်ပြေးတဲ့ ကောင်လေးတွေက လူချင်းလာလဲမှ ပြန်လွှတ်မယ်ဆိုပြီး ပြောသွားတာ။” လို့ ဒေသခံက ပြောပါတယ်။

ပဲခူးမြို့ပေါ်မှာလည်း ဧပြီလတတိယပတ်ထဲမှာ စစ်မှုထမ်းဥပဒေအရ ရပ်ကွက်၊ ကျေးရွာတွေမှာ အတင်းအဓမ္မ စစ်သားစုဆောင်းတာတွေလုပ်နေပြီး စစ်ထဲမလိုက်တဲ့အိမ်တွေကို ရပ်ကျေးရွာအုပ်ချုပ်ရေးမှူးတွေက နေအိမ် ချိပ်ပိတ်တာ၊ တဦးလျှင် ကျပ် ၃ သိန်းတောင်းခံတာတွေ လုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလို ရုတ်တရက် နေအိမ်တွေအထိလိုက်ပြီး အရပ်သားတွေ စစ်မှုထမ်းဖို့အဆွဲခံရတဲ့အခါ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်တွေဟာ တော်လှန်ရေးအင်အားစုတွေရဲ့ ပစ်မှတ်ထားတာကို အရင်ကထက် ပိုလို့ခံလာရနေပါတယ်။  

ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်မှာအခြေစိုက်တဲ့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့  တာဝန်ရှိသူတဦးက အာဏာသိမ်းစစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းရေးကို အကောင်အထည်ဖော်နေတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ ပတ်သက်လို့ အခုလို သတိပေးပြောဆိုပါတယ်။ 

“ခုမှ အပေါ်က ခိုင်းလို့ လုပ်ရပါတယ်ဆိုတာ ကျနော်တို့ လက်ခံမှာ မဟုတ်ဘူး။ သူတို့တွေဟာလည်း ကျနော်တို့ရဲ့ အဓိက ရန်သူတွေဖြစ်တယ်။” 

#မြေလတ်အသံ

#ဆောင်းပါး #စစ်သားစုဆောင်းရေး #ပြည်သူ့စစ်မှုထမ်းဥပဒေ #အုပ်ချုပ်ရေးမှူး #သတ်ဖြတ် #ပဋိပက္ခ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10