တိုက်ခိုက်ရေးမှ မဟုတ်ဘူး၊ ကျရာတာဝန် ထမ်းမယ် ဆိုတဲ့ ယောသူ ရဲမေ မီ (အမျိုးသမီးကဏ္ဍ)

ဂန့်ဂေါခရိုင်၊ ယောဒေသအခြေစိုက်၊ ယောကာကွယ်ရေးတပ်ဖွဲ့ ရဲမေ မီ ဟာ နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြတဲ့အထဲမှာ ပါဝင်ခဲ့သူပါ။  စစ်ကောင်စီက ပြည်သူတွေအပေါ် အကြမ်းဖက် ဖြိုခွင်းနေတာကြောင့် ဆန္ဒပြတာတွေ အရှိန်လျှော့လာလို့ တော်လှန်ရေးမှာ ကျရာအခန်းကဏ္ဍကနေ တာဝန်ထမ်းဆောင်မယ်ဆိုပြီး လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လိုက်ပြန်ပါတယ်။ ၂၀၂၂ ခုနှစ်၊ နှစ်စပိုင်းမှာ ယောကာကွယ်တပ်ဖွဲ့ (YDF) ကို ရောက်ရှိလာခဲ့ပြီး ရဲမေ မီ ဆိုပြီး ဖြစ်လာခဲ့တာပါ။

တော်လှန်ရေးထဲ မရောက်ခင် အပေါင်းအသင်းတွေနဲ့ သူ့မိဘတွေက တားမြစ်ခဲ့ပေမယ့် သူ့ရဲ့ တော်လှန်ရေးကို စိတ်အားပြင်းထန်နေတာ‌ကြောင့် PDF ထဲကို ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ PDF ထဲကို ရောက်လာကာစမှာတော့ ယောက်ျားသား ရဲဘော်တွေကြားမှာ သူမအတွက် အနေကြပ်ပေမယ့် နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ အဲဒီစိတ်တွေကို သူမ ဖြတ်ကျော်နိုင်ခဲ့တယ်လို့  ပြောပါတယ်။

တပ်ဖွဲ့ထဲမှာ သူမနဲ့ ရွယ်တူ ရဲမေတွေလည်း ရှိနေတာပါ။ အဖွဲ့အစည်းနဲ့ နေရတာကြောင့် တခါတလေမှာ စိတ်ကျဉ်းကြပ်တာမျိုးတွေ ဖြစ်တာလည်း ရှိတယ်လို့ ရဲမေမီက ပြောပါတယ်။

သူမ ယောကာကွယ်ရေးတပ်ဖွဲ့ကို ရောက်လာခဲ့တာ အခုဆို ၂ နှစ်ကျော်လာနေပြီဖြစ်ပါတယ်။ အာဏာရှင်စနစ် ရှိနေသ၍ သူမ မသေမချင်း ဆက်ပြီးတော်လှန်နေဦးမယ်လို့ ခံယူထားသူပါ။ အခုဆိုရင် ရဲမေမီဟာ အဖွဲ့က ပေးတဲ့ စစ်သင်တန်းတွေကို တက်ရောက်အောင်မြင်ထားသူလည်း ဖြစ်ပါတယ်။

တော်လှန်ရေးအတွက် တပ်ဖွဲ့ထဲမှာ ကျရာတာဝန်ထမ်းဆောင်မယ်ဆိုတဲ့ ရဲမေမီဟာ လက်နက်ကိုင်တိုက်ပွဲအတွက်ကိုလည်း အဆင်သင့် ဖြစ်နေသူပါ။ လက်ရှိမှာ အဖွဲ့က လက်နက်မပြည့်စုံသေးတာကြောင့် သေနတ်မကိုင်နိုင်သေးဘဲ အဖွဲ့မှာ ဘဏ္ဍာရေးတာဝန်ကို ထမ်းဆောင်နေပါတယ်။ တပ်ဖွဲ့ထဲမှာ နေရေး၊ စာရေးကအစ အခက်အခဲတွေကို မမှုတော့ဘဲ တော်လှန်ရေးမပြီးမချင်း အိမ်မပြန်ဘူးလို့လည်း ယတိပြတ် ဆုံးဖြတ်ထားသူလည်း ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#အမျိုးသမီးကဏ္ဍ #ရဲမေ #ယောကာကွယ်ရေးတပ်YDF #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10