နွားထိုးကြီးမှာ ၂ ရက်ဆက် လေကြောင်းကပစ်ခတ်လို့ ဒေသခံ ၄ ဦးသေပြီး ၁၁ ဦးဒဏ်ရာရ     ■ ကနီမှာလည်း လေကြောင်းဗုံးကြဲခံရပြီး မပေါက်ကွဲသေးတဲ့ ဗုံး ၂ လုံး လယ်ကွက်ထဲ ကျန်နေ

နွားထိုးကြီးမှာ ၂ ရက်ဆက် လေကြောင်းကပစ်ခတ်လို့ ဒေသခံ ၄ ဦးသေပြီး ၁၁ ဦးဒဏ်ရာရ  ■ ကနီမှာလည်း လေကြောင်းဗုံးကြဲခံရပြီး မပေါက်ကွဲသေးတဲ့ ဗုံး ၂ လုံး လယ်ကွက်ထဲ ကျန်နေ

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းကို စစ်ကောင်စီက ၂ ရက်ဆက်တိုက် လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၄ ဦးသေဆုံးပြီး ၁၁ ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂ ရက် ညနေ ၄ နာရီလောက်မှာ တံတားဦးလေတပ်ဘက်က တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးဟာ နဘဲမြစ်ကျေးရွာလမ်းမကြီးဘေးမှာရှိတဲ့ ကိုရီးယားစာသင်တဲ့ကျောင်းကို ပေါင် ၂၅၀ ဗုံးသီး ၂ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသား ၂ ဦးသေဆုံးပြီး ၆ နှစ်ကနေ ၈ နှစ်အရွယ်ကလေး ၃ ဦးအပါ ၆ ဦးဒဏ်ရာရကာ စာသင်ဆောင်တွေလည်း ပျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

“ပြည်သူတွေကိုရန်သူလို သဘောထားပြီးတော့ အကြောက်တရားသွင်းပြီး အနိုင်ယူချင်တဲ့ သဘောထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုရီးယားသင်တန်းကျောင်းက ကာကွယ်ရေးအဖွဲ့တွေနဲ့လည်း ဘာမှဆက်စပ်မှုရှိတဲ့နေရာလည်း မဟုတ်ဘူးလေ။ ဒီအတိုင်းပဲအရပ်ဘက်က သူ့ဘာသာသူ ကိုရီးယားဘာသာစကားတက်လို့ ဖွင့်ထားတာလေ”လို့ နွားထိုးကြီးဒေသခံတဦးကပြောပါတယ်။

အဲ့ဒီကိုရီးယားသင်တန်းကျောင်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖွင့်ထားတဲ့ သင်တန်းကျောင်းဖြစ်ပြီး မြို့ပေါ်ကိုသွားလာရခက်ခဲတဲ့အတွက် နယ်တွေဘက်မှာ လာရောက် ဖွင့်လှစ်ထားတာလို့ ဆိုပါတယ်။

ထိခိုက်သေဆုံးသူတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

ဒါ့အပြင် ဒီဇင်ဘာ ၃ ရက် ည ၁၀ နာရီကျော်လောက်မှာလည်း မိတ္ထီလာ ရှမ်းတဲလေတပ်ဘက်က တက်လာတဲ့ Y 12 တစီးဟာ နွားထိုးကြီးမြို့နယ်အနောက်ဘက်ရှိ ကွမ်းအုံရွာထဲကိုပစ်ခတ်စဉ် တိမ်းရှောင်နေတဲ့ ဒေါ်ခင်ပို ၆၆ နှစ်၊ မြေးဖြစ်သူ မန်းရှိုင်းခေတ် ၁၁ နှစ် တို့ထိမှန်သေဆုံးပြီး အသက် ၅၀ အရွယ် အမျိုးသား ၄ ဦး နဲ့ ၆ နှစ်အရွယ် ကလေး ၁ ဦးတို့ ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။ 

ထိမှန်သွားတဲ့သူတွေဟာ စိုးရိမ်ရတဲ့အခြေအနေရှိနေပြီး အခုလိုလေကြောင်းနဲ့ ပစ်ခတ်ခဲ့လို့ နေအိမ်တွေလည်း ထိမှန်ပျက်စီးကာ အိမ်မွေးတိရိစ္ဆာန်တွေလည်းသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ကွမ်းအုံရွာထဲကို ဗုံးသီးအလုံး ၃၀ ဝန်းကျင် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

“အဲဒီဘက်မှာတိုက်ပွဲဘာညာတော့ ဘာမှကိုမရှိဘူး။ အဲဒါကိုမှ ဘယ်လိုသဘောနဲ့ ပြည်သူတွေကို ကြဲတယ်ဆိုတာတော့ ကြဲတဲ့သူတွေပဲသိမှာပေါ့။ ပြည်သူတွေကိုပဲ ဒုက္ခပေးနေတာ၊ ပြည်သူတွေကို ရန်သူလိုအောက်မေ့ပြီးတော့ ကြဲနေတာလို့ပဲမြင်တယ်။ ကာကွယ်ရေးအဖွဲ့ဝင်တွေလည်း ရပ်ထဲ ရွာထဲတွေမှာ ပြည်သူတွေနဲ့ရောရောနှောနှောနေတာမျိုးတွေ ရှောင်ကြတယ်ဗျ၊  ပြည်သူတွေ ထိခိုက်မှာစိုးလို့ မနေတာများပါတယ်” နွားထိုးကြီး ဒေသခံတဦးက ပြောပါတယ်။

ကွမ်းအုံရွာကို ပစ်ခတ်သွားတဲ့လေယာဉ်ဟာ တဆက်တည်းမှာပဲ နွားထိုးကြီးမြို့နယ်အရှေ့ဘက်မှာရှိတဲ့ သူဌေးကုန်းရွာပြင်ဘက်က ထန်းတောတွေနဲ့ လယ်ကွင်းတွေဘက်ကိုပါ ထပ်မံပစ်ခတ်သွားတဲ့အတွက်  ထန်းတဲမှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် လင်မယား ၂ ဦး ထိမှန်ဒဏ်ရာရရှိသွားပြီး စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၄ ရက် ဒီနေ့နေ့လယ် ၁၂ နာရီကျော်လောက်မှာလည်း နွားထိုးကြီးမြို့နယ် အနောက်တောင်ဘက်ကို လေကြောင်းတိုက်ခိုက်မှုရှိခဲ့ပြီး ထိမှန်ဒဏ်ရာရတဲ့သူတွေလည်းရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီပစ်ခတ်မှုရဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်ကလည်း နဘဲမြစ်ကျေးရွာကို စစ်ကောင်စီတပ်သားတွေက လေကြောင်းနဲ့ ဗုံးကြဲခဲ့တဲ့အတွက် အသက် ၄၅ နှစ်အရွယ် ဦးမြသွန်၊ ၃၇ နှစ်အရွယ် ဦးဝေအောင်တို့လည်း ထိမှန်သေဆုံးခဲ့ပါတယ်။ 

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ နတ်ကြီးကျေးရွာအနီးကို ဒီဇင်ဘာ ၃ ရက်ညနေပိုင်းကစပြီး စစ်ကောင်စီတပ်သားတွေက ဗုံး ၄ လုံးကြဲချခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။ 

တိုက်ပွဲဖြစ်တာမရှိဘဲ ညနေ ၆ နာရီကနေ ၁၁ နာရီအထိ စစ်ကောင်စီက လေယာဥ်နဲ့ ပေါင် ၅၀၀ ဗုံး ၄ လုံးကြဲချခဲ့တာဖြစ်ပြီး ဒေသခံတွေထိခိုက်သေဆုံးမှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။ 

"လူတွေထိခိုက်တာမရှိပါဘူး။ အရင်တုန်းက စစ်ရှောင်ကြတဲ့ ယာယီတဲ ၁ လုံးပျက်စီးတယ်။ လမ်းဘေးမှာထားတဲ့အင်ဂျင်စက် ၁ လုံး ပျက်စီးတာပဲရှိတယ်" လို့ ကနီမြို့နယ်ဒေသခံ ကိုပြည့်က ပြောပါတယ်။

ကြဲခဲ့တဲ့ ပေါင် ၅၀၀ ဗုံး ၄ လုံးထဲမှာ ၂ လုံးသာပေါက်ကွဲပြီး မပေါက်ကွဲသေးတဲ့ ဗုံး ၂ လုံး ကျန်ရှိနေသေး တာကြောင့် ဒေသခံတွေကိုသတိပေးထားတယ်လို့ ဆိုပါတယ်။

"ယာခင်းထဲမှာ ဗုံးမကွဲတာ ကျန်နေတယ်။ "ပ" သုံးလုံးအဖွဲ့တွေ လာကြည့်တယ်။ အနီးနားမှာ ယာမထွန်ဖို့တော့ ပြည်သူတွေကိုပြောထားတယ်" လို့ ကိုပြည့်က ပြောပါတယ်။ 

စစ်ကောင်စီဟာ မန္တလေးတိုင်းအပြင် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းမှာလည်း အရပ်သားပစ်မှတ်တွေကို လေကြောင်းကနေပစ်ခတ်မှုတွေရှိနေတာကြောင့် ဒေသခံတွေလည်း ထိခိုက်သေဆုံးမှုတွေ ရှိနေတာပါ။ 

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ လအတွင်း စစ်ကောင်စီရဲ့ အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်တာတွေကြောင့် သေဆုံးသူ ၁၃၇ ဦး၊ ဒဏ်ရာရရှိသူ ၃၁၂ ဦးရှိတယ်လို့ Nyan Lynn Thit Analytica က နိုဝင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပုံစာ - ကွမ်းအုံရွာကို လေကြောင်းတိုက်ခိုက်လို့ သေဆုံးသွားသူများ နှင့် စစ်တပ်ဗုံးကြဲခဲ့သည့် ကနီမြို့နယ်၊ နတ်ကြီးရွာအနီးအားတွေ့ရစဉ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #နွားထိုးကြီး #လေကြောင်းတိုက် #ဒေသခံသေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10