နွားထိုးကြီးမှာ စစ်တပ်ကဗုံးထပ်ကြဲလို့ ကလေး ၂ ဦးအပါ ဒေသခံ ၄ ဦးသေဆုံး     ■ ၄ ရက်အတွင်း သေဆုံးသူ ၈ ဦးအထိရှိလာ

နွားထိုးကြီးမှာ စစ်တပ်ကဗုံးထပ်ကြဲလို့ ကလေး ၂ ဦးအပါ ဒေသခံ ၄ ဦးသေဆုံး  ■ ၄ ရက်အတွင်း သေဆုံးသူ ၈ ဦးအထိရှိလာ

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းက ကျေးရွာတွေကို ဒီဇင်ဘာ ၄ ရက်နဲ့ ဒီဇင်ဘာ ၅ ရက်အတွင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးထပ်ကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၂ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံဆီက သိရပါတယ်။ 

အောင်သာရွာနဲ့ အောင်ပန်းကုန်းရွာအကြားကို ဒီဇင်ဘာ ၅ ရက်ဒီမနက် ၅ နာရီကျော်မှာ စစ်ကောင်စီရဲ့ Y 12 လေယာဥ် ၁ စီးက နာရီဝက်ခန့် ဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အသက် ၄၈ နှစ်အရွယ် ဦးကျော်သူမိုး၊ ဇနီးဖြစ်သူ ၄၆ နှစ်အရွယ် ဒေါ်ခင်အေးကျင်နဲ့ သားဖြစ်သူ အသက် ၁၃ နှစ်အရွယ် မောင်အောင်ပြည့်လျှံတို့ နေရာတင် သေဆုံးခဲ့တာပါ။ 

“အောင်ပန်းကုန်းရွာက တောထဲနေတဲ့သူပေါ့ဗျာ။ မိသားစု ၃ ယောက်ကတော့ အိပ်နေရင်းတန်းလန်း တခါတည်းသေသွားတယ်။ နွား ၅ ကောင်သေတယ်။ ဝက် ၁ ကောင်သေတယ်။ တခြားထိခိုက် ဒဏ်ရာရတဲ့သူတွေတော့ မရှိဘူး။“ လို့ နွားထိုးကြီးဒေသခံတဦးက ပြောပါတယ်။ 

အောင်ပန်းကုန်းရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ဖူးတဲ့အတွက် ဦးကျော်သူမိုးတို့အပါအဝင် ဒေသခံတချို့က ရွာထဲမဝင်ရဲဘဲ ရွာအပြင်မှာပဲနေထိုင်နေကြတာလို့ သိရပါတယ်။ 

သူတို့မိသားစုထဲက သမီးဖြစ်သူ မရွှေဇင်ဖြိုးကတော့ ထိခိုက်မှုမရှိခဲ့ဘဲ သေဆုံးသူတွေကိုတော့ အောင်ပန်းကုန်းရွာ သင်္ချိုင်းမှာစျာပနပြင်ဆင်ထားတယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။ 

ဒီဇင်ဘာ ၄ ရက် နေ့လယ် ၁ နာရီလောက်မှာလည်း တံတားဦးလေတပ်ဘက်က တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးက လုံးတောရွာနဲ့ သမန်းတောရွာကြားက ဘုန်းကြီးကျောင်းနဲ့ ကန်နှောင်းရွာအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နွားထိုးကြီး ဒေသခံတဦးက ပြောပါတယ်။  

ဒီတိုက်ခိုက်မှုကြောင့် လုံးတောရွာက ကလေး ၁ ဦးသေဆုံး၊ သံဃာ ၁ ပါးထိခိုက်ပြီး ဘုန်းကြီးကျောင်း အတွင်း ဆွမ်းစားဆောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။  

“အဲဒါက ဝန်ကြီးဉာဏ်ထွန်းအောင်၊ သူတို့ စစ်တပ်ဘက်က ဗိုလ်ပေါ့လေ၊ သူတည်ထားတဲ့ ဘုန်းကြီး ကျောင်းကို ကြဲသွားတယ်။ ဘုန်းကြီးကျောင်းထဲမှာက ဘိလပ်မြေအုတ်ရိုက်နေတဲ့ ကလေး ၁ ယောက် ကတော့ တခါတည်းတန်းပြီးတော့ သေသွားတယ်။ ဘုန်းကြီး ၁ ပါးကတော့ ခြေထောက်ထိသွားတယ်၊ ဆွမ်းစာဆောင်ကတော့ တဆောင်လုံးရစရာ ဘာမှမရှိအောင်ပြိုကျသွားတာ။”  လို့ သေဆုံးသူကို သယ်ယူခဲ့တဲ့ နွားထိုးကြီးဒေသခံတဦးက ပြောပါတယ်။ 

လက်ရှိမှာတော့ လုံးတောရွာက ဒေသခံတချို့တာရှောင်တိမ်းကြပြီး အများစုကတော့ ကျေးရွာထဲမှာသာ ဆက်လက်နေထိုင်ဆဲဖြစ်တယ်လို့ ဆိုပါတယ်။ 

လုံးတောရွာဘုန်းကြီးကျောင်းကို ပစ်ခတ်ပြီးတဆက်တည်းမှာပဲ မိုင်ဝက်လောက်ဝေးတဲ့ ကန်နှောင်းရွာ အနီးကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် ထိခိုက်မှုမရှိခဲ့ပါဘူး။ 

ဒါပေမယ့် အဲ့ဒီအချိန်အတွင်းမှာ စစ်ကောင်စီရဲ့ ခမရ ၁၅ တပ်က ဟောင်ဝစ်ဇာလက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ကန်နှောင်းရွာ အနီးဇရပ်တခုမှာ နားနေတဲ့ ဒေသခံ ၈ ဦးကတော့ဒဏ်ရာရခဲ့ပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေကိုတော့ နီးစပ်ရာဆေးရုံတွေကို ပို့ဆောင်ပေးခဲ့တယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။ 

သေဆုံးဒဏ်ရာရသူတွေနဲ့ ပတ်သက်တဲ့အချက်အလက်တွေကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

ဒီဇင်ဘာ ၂ ရက်ကနေ ၅ ရက်အထိ နွားထိုးကြီးမြို့နယ်အတွင်းကကျေးရွာတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၈ ဦးအထိရှိခဲ့တယ်လို့ မြေလတ်အသံကတင်ပြခဲ့တဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။ 

ဒါ့အပြင် လေကြောင်းတိုက်ခိုက်ခံရတဲ့ ကျေးရွာတွေအပါအဝင် အနည်းဆုံးကျေးရွာ ၅ ရွာက ဒေသခံ ၁ ထောင်ကျော်လည်း နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။ 

ဒီဇင်ဘာ ၂ ရက် ညနေ ၄ နာရီလောက်မှာ တံတားဦးလေတပ်ဘက်က တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးဟာ နဘဲမြစ်ကျေးရွာလမ်းမကြီးဘေးမှာရှိတဲ့ ကိုရီးယားစာသင်တဲ့ကျောင်းကို ပေါင် ၂၅၀ ဗုံးသီး ၂ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသား ၂ ဦးသေဆုံးပြီး ၆ နှစ်ကနေ ၈ နှစ်အရွယ်ကလေး ၃ ဦးအပါ ၆ ဦးဒဏ်ရာရကာ စာသင်ဆောင်တွေလည်း ပျက်စီးခဲ့ပါတယ်။ 

ဒါ့အပြင် ဒီဇင်ဘာ ၃ ရက် ည ၁၀ နာရီကျော်ကလည်း မိတ္ထီလာ ရှမ်းတဲလေတပ်ဘက်က တက်လာတဲ့ Y 12 ၁ စီးဟာ နွားထိုးကြီးမြို့နယ်အနောက်ဘက်ရှိ ကွမ်းအုံရွာထဲကိုပစ်ခတ်စဉ် တိမ်းရှောင်နေတဲ့ ဒေါ်ခင်ပို ၆၆ နှစ်၊ မြေးဖြစ်သူ မန်းရှိုင်းခေတ် ၁၁ နှစ် တို့ထိမှန်သေဆုံးပြီး အသက် ၅၀ အရွယ် အမျိုးသား ၄ ဦး နဲ့ ၆ နှစ်အရွယ် ကလေး ၁ ဦးတို့ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ နွားထိုးကြီး ဒေသခံတဦးက ပြောပါတယ်။ 

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ဒီဇင်ဘာ ၄ ရက်အတွင်း စစ်ကောင်စီနဲ့ ၎င်းရဲ့လက်အောက်ခံ အဖွဲ့အစည်းတွေကြောင့် သေဆုံးခဲ့တဲ့ပြည်သူစုစုပေါင်း ၆၀၁၇ ဦးရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #နွားထိုးကြီး #လေကြောင်းတိုက်ခိုက် #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10