ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူးကိုဝင်ပစ်ချိန် ဇနီးဖြစ်သူအပါ ၃ ဦးသေပြီး၊ အုပ်ချုုပ်ရေးမှူးဒဏ်ရာရ

ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူးကိုဝင်ပစ်ချိန် ဇနီးဖြစ်သူအပါ ၃ ဦးသေပြီး၊ အုပ်ချုုပ်ရေးမှူးဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ အုတ်တွင်းကုန်းအုပ်စု၊ အေးမကွင်းကျေးရွာနေ ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူးခင်မောင်ဝင်းကို ဝင်ရောက်ပစ်ခတ်ရာ ၃ ဦးသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ဆီက သိရပါတယ်။

အုပ်ချုပ်ရေးမှူးဦးခင်မောင်ဝင်းရဲ့နေအိမ်ကို နေ့လယ် ၂ နာရီခွဲလောက်မှာ ဝင်ရောက်ပစ်ခတ်ခဲ့ချိန် ပြန်လည်ခုခံပစ်ခတ်မှုတွေလည်းရှိခဲ့ကာ အိမ်ပေါ်ရှိနေတဲ့ အုပ်ချုပ်ရေးမှူးဇနီးဖြစ်သူ သန်းသန်းနွယ်နဲ့ အမျိုးသား ၂ ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

" အိမ်ထဲမှာ အုပ်ကြီးနဲ့အတူ ၄ ယောက်ရှိတယ်။ အုပ်ကြီးက သေနတ်နဲ့ ခုခံဖို့လုပ်တယ်။ သူ့မိန်းမက လက်ပစ်ဗုံးနဲ့ ပစ်ဖို့လုပ်တယ်။ အုပ်ကြီးက သေနတ်ဒဏ်ရာနဲ့ အိမ်နောက်ဖေး ထွက်ပြေးသွားတယ်။ အခု ဆေးကုနေတယ်လို့ သတင်းရတယ် "လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို တာဝန်ခံ ဒေဝ က ပြောပါတယ်။

အုပ်ချုပ်ရေးမှူးနေအိမ်ကနေ သေနတ်အတို ၁ လက်၊ ကျည်ဆန် ၁၈ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ ဖုန်း၂ လုံး၊ ငွေသား ၃၁၀၀၀၀ ကျပ်၊ တံဆိပ်တုံး၂ ခု၊ မှတ်ပုံတင် ၁ ခုနဲ့ စာရွက်စာတန်းတချို့အား သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသွားသူ အမျိုးသား ၂ ဦးမှာ ပုဂ္ဂလိကချေးငွေကုမ္ပဏီဝန်ထမ်းတွေလို့ သိရကာ မြေအောက် ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို အနေနဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနီး သွားလာနေထိုင်တာ မပြုလုပ်ကြဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် လိုက်နာခြင်းမရှိဘဲ စစ်ကောင်စီ ထောက်တိုင်အနီးမှာရှိနေတဲ့အတွက် ပစ်ခတ်မိခဲ့တာဖြစ်ပြီး ဒီအတွက်လည်း စိတ်မကောင်း ဖြစ်ရပါတယ်လို့ တပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် သေဆုံးသူအမျိုးသားတွေထဲက ၁ ဦးဟာ မင်းလှမြို့နယ်က အသက် ၃၁ နှစ်အရွယ် ဖြိုးဖြိုး (ခ) ကိုပြည်စုံလွင်စိုးဖြစ်ပြီး သူ့ကိုတော့ ဒီနေ့လယ်  ၁ နာရီမှာ သင်္ဂြိုဟ်မယ်လို့သိရကာ နောက်ထပ် အမျိုးသားတဦးရဲ့ အချက်အလက်တွေကိုတော့ စုံစမ်းနေဆဲလို့ လူမှုကူညီရေးအသင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ 

ဒီပစ်ခတ်မှုဖြစ်စဥ်နဲ့ပတ်သက်ပြီး ကြို့ပင်ကောက်မြို့ခံတဦးကလည်း “အုပ်ချုပ်ရေးမှူးက ဆေးရုံ သယ်သွားတာမတွေ့ဘူး။ သူမိန်းမကတော့ အဲ့ဒီနေ့က ပြည် ကုတင် ၁၀၀ ကို သယ်သွားတာ။ ကျည်ကအဆုတ်ဖောက်ဝင်သွားလို့ ရန်ကုန်ကို ဆက်သယ်သွားပြီး ရန်ကုန်မှာ မနေ့ (မေ ၂၂)မနက်ပိုင်းကပဲ ဆုံးသွားတယ်”လို့  ပြောပါတယ်။ 

ပျူခေါင်းဆောင် အုပ်ချုပ်ရေးမှူးခင်မောင်ဝင်းဟာ စစ်တပ်အလိုကျ ပြည်သူတွေကို ခြိမ်းခြောက်ကာ စစ်မှုထမ်းဖို့လူစုပေးတာ၊ မတရားငွေကြေးကောက်ခံတာနဲ့ တော်လှန်ရေးရဲဘော်တွေအကြောင်း စုံစမ်းသတင်းပေးနေပြီး ပြည်သူတွေကို ဖိနှိပ်ဒုက္ခပေးနေတဲ့အတွက် အခုလို ပစ်ခတ်ရှင်းလင်းဖို့ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ 

မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုဟာ အခုနှစ်မတ် ၃ ရက်  ညနေ ၄ နာရီလောက်ကလည်း အုတ်ဖိုမြို့နယ်၊ ရန်ကုန်-ပြည်လမ်းရှိ ဂုံညှင်းတန်းကျေးရွာ Shine Cafe ဆိုင်မှာရှိနေတဲ့ နယ်ထိန်းကို ဝင်ရောက်ပစ်ခတ်ချိန် နယ်ထိန်းရဲသေဆုံးတဲ့အပြင် ဘေးမှာရှိနေတဲ့ပြည်သူတဦးလည်း ကျည်ထိမှန် သေဆုံးခဲ့ရတယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ 

ပုံစာ - အုပ်ချုပ်ရေးကိုရှင်းလင်းရာမှ သိမ်းတည်းရရှိခဲ့သည့် လက်နက်ပစ္စည်းများကို တွေ့ရစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #သာယာဝတီ #ကြို့ပင်ကောက် #အုပ်ချုပ်ရေးမှူး #ရှင်းလင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10