မကွေးနဲ့ စစ်ကိုင်းက စစ်ဘေးရှောင်တွေအတွက် ဆေးဝါးတွေလိုအပ်နေ

မကွေးနဲ့ စစ်ကိုင်းက စစ်ဘေးရှောင်တွေအတွက် ဆေးဝါးတွေလိုအပ်နေ

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မကွေးနဲ့ စစ်ကိုင်းမှာ ဖျားနာသူတွေများလာပြီး ဆေးဝါးမလုံလောက်မှုဖြစ်နေကြတယ်လို့ စစ်ဘေးသင့်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြတဲ့ မကွေးတိုင်းအခြေစိုက် အရှိုချင်းတပ်ဖွဲ့ - ACDF နဲ့ စစ်ကိုင်းတိုင်းအခြေစိုက် သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့က တာဝန်ရှိသူတွေက ပြောကြပါတယ်။ ငှက်ဖျားဆေး၊ မြွေဆိပ်ဖြေဆေး၊ သံချဆေးနဲ့ ယားနာဆေးစတဲ့ ဆေးဝါးတွေကို အဓိကလိုအပ်နေတာဖြစ်ပြီး လတ်တလောမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြား လှည့်ပတ်ချေးငှားသုံးစွဲနေကြရတယ်လို့ သူတို့က ဆိုကြပါတယ်။

အရှိုချင်းတပ်ဖွဲ့ - ACDF ရဲ့ သတင်းတာဝန်ခံ ကိုဆလိုင်းခနီလေဗွေက "လောလောဆယ် ငှက်ဖျားဆေးမရှိဘူးဖြစ်နေတယ်။ တချို့ရွာက ကလေးတွေ သံမချရသေးဘူး။ ကလေးတွေ ဗိုက်ပူပူလေးတွေဖြစ်နေတော့ သံချဆေးတွေ လိုနေတယ်" ပြောပါတယ်။

မကွေးတိုင်း၊ ဧရာဝတီမြစ်အနောက်ဘက်က ကျေးရွာ ၄ ရွာမှာရှိတဲ့ ဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူ ၂၀၀၀ ကျော်ကို အရှိုချင်းတပ်ဖွဲ့က ဇူလိုင်လကတည်းက ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးတပ်ခေါင်းဆောင် သခင်ဒေါင်းညိုကလည်း  ရာသီတုပ်ကွေး ကာလအတွင်း ဖျားနာသူတွေများလာပေမဲ့ ဆေးဝါးထောက်ပံ့မှုက နည်းလာတာကြောင့်  လက်နက်ခဲယမ်းဖိုးထဲကနေ ဆေးဖိုးအတွက်ပါ ထုတ်ယူ သုံးစွဲနေကြရတယ်လို့ ဆိုပါတယ်။ 

အာဏာသိမ်းစစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းမှာ သောင်းချီတဲ့ ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာဖြစ်ပြီး အဲ့ဒီထဲကမှ လက်လှမ်းမီသလောက်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေကြတာပါ။ 

ကုလသမဂ္ဂရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်အထိ ပြုစုထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံတဝန်းမှာ ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁.၉ သန်းကျော်ရှိပြီး အဲ့ဒီထဲကမှ ၁.၆ သန်းနီးပါးဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာခဲ့ကြသူတွေဖြစ်တယ်လို့လည်း ဆိုထားပါတယ်။  

ပုံစာ - ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ စစ်ဘေးသင့်ပြည်သူများကို ဆေးဝါးကုသပေးနေစဥ်။

စာတည်း - ဟယ်ရီ 

#မြေလတ်အသံ 

#မြေလတ် #စစ်ကိုင်း #မကွေး #စစ်ရှောင် #ကျန်းမာရေးစောင့်ရှောက် #ဆေးဝါးလိုအပ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10