မုန်းစခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးသွားတဲ့ PDF တပ်ဖွဲ့ဝင် မှန်လေး (ရုပ်ပုံလွှာ)

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်ရင်း တောထဲရောက်နေတဲ့ ရဲဘော်မှန်လေးဟာ သူ့အမေနဲ့ ဖုန်းပြောစဉ် သူ့ရဲ့ ၂၂ နှစ်ပြည့် မွေးနေ့အတွက် မုန့်ဖိုးအနည်းငယ်ပို့ပေးဖို့ မှာနေပါတယ်။ 

အဲဒီနေ့က ၂၀၂၃ နိုဝင်ဘာ ၁၉ ရက်၊ သူ့မွေးနေ့ရောက်ဖို့ ၁၀ ရက်အလို ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သူ့အမေဟာ သူနဲ့ ဖုန်းမရတော့ပါဘူး။ သူမှာထားတဲ့အတိုင်း မွေးနေ့အမှတ်တရ မုန့်ဖိုးပေးဖို့ သူ့အမေဟာ သူ့ဝမ်းကွဲအမတွေကိုပါ မှာထားပါတယ်။   

ရက်သတ္တပတ် ၃ ပတ်လောက် ကြာတဲ့အထိ အဆက်အသွယ်မရလို့ သူ့အမေက လိုက်လံဆက်သွယ်ကြည့်ရာ ဒီဇင်ဘာ ၆ ရက်မှာ သူ့သားတာဝန်ထမ်းဆောင်နေတဲ့တပ်ဖွဲ့နဲ့ အဆက်အသွယ်ရပြီး သားဖြစ်သူ တိုက်ပွဲမှာ ကျဆုံးသွားပြီဖြစ်ကြောင်းကို သိလိုက်ရပါတယ်။ 

၂၀၂၃ ဒီဇင်ဘာ ၄ ရက် ပဲခူးတိုင်းအရှေ့ခြမ်း မုန်းမြို့နယ်က အာဏာသိမ်းစစ်တပ်ရဲ့ခလရ ၅၉၀ကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်သိမ်းတဲ့ တိုက်ပွဲမှာ ရဲဘော်မှန်လေး ကျဆုံးသွားတာပါ။ 

အဲဒီနေ့က တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်က ရဟတ်ယာဉ်နဲ့ပါ ပစ်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့သေဆုံးခဲ့ရပါတယ်။ တိုက်ပွဲပြင်းပြင်းထန်ဖြစ်ပြီးနောက်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်က ခလရ ၅၉၀ စခန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 

သူဟာ လက်နက်ကိုင်ရဲဘော်ဖြစ်မလာခင်က ပဲခူးမှာ အလုပ်လုပ်ရင်း အဝေးသင်ပထမနှစ် တက်လက်စဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကာလ ကျောင်းတွေပိတ်ထားရလို့ ဆက်မတက်ဖြစ်ဘဲ နားထားရာကနေ အလုပ်လုပ်နေတုန်း မင်းအောင်လှိုင်အာဏာသိမ်းတဲ့အခါ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။ 

၂၀၂၁ ဇူလိုင် ၉ ရက် ပဲခူးမြို့နယ် မဂ္ဂတစ်လမ်းထိပ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လက်ချက်ကြောင့် သေဆုံးသူတွေထဲမှာ သူ့သူငယ်ချင်းတချို့ ပါဝင်ခဲ့ကြပါတယ်။ 

“မအလ အမြစ်ပြုတ်အောင် တိုက်ရမယ်ချည်းပဲ ပြောနေတာ။ သူ့သူငယ်ချင်းတွေ သေကြတာ ၄၊ ၅၊ ၆ ယောက်ပဲ။ သူမခံစားနိုင်ဘူး။” လို့ သူ့အမေက ပြန်ပြောပါတယ်။  

သူအပါအဝင် နောက်ထပ်သူငယ်ချင်းတချို့ကိုလည်း အာဏာသိမ်းစစ်တပ်က လိုက်လံရှာဖွေဖမ်းဆီးခဲ့ကြပါတယ်။ အဲဒီနောက်ရှောင်ပြေးရင်း ကေအန်ယူထိန်းချုပ်နယ်မြေထဲမှာ စစ်သင်တန်းတက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။ 

သူဟာ ငယ်စဉ် ၅ တန်းနှစ်ကတည်းက မျက်လုံးအားနည်းတာကြောင့် မျက်မှန်ပါဝါအမြင့်တပ်ထားရသူပါ။ ဒါကြောင့် အစောပိုင်းကာလတွေမှာ တိုက်ပွဲမဝင်ရဘဲ NUGရဲ့ တောင်ပိုင်းတိုင်းစစ်ဒေသခွဲ (၂)၊ အထူးကိုမန်ဒိုတပ်ရင်း ရိုးမ (၂) စစ်ကြောင်းရဲ့ ဆေးတပ်သားအဖြစ် တာဝန်ထမ်းဆောင်ရပါတယ်။ 

နောက်တော့ ဆက်သွယ်ရေးတပ်သားအဖြစ်ပါ ထပ်မံတာဝန်ပေးခံခဲ့ရပါတယ်။ တာဝန်ထမ်းဆောင်စဉ်မှာ သူဟာ အလုပ်ကိုကျေပွန်အောင် ဆောင်ရွက်လေ့ရှိသူဖြစ်ပြီး ရှေ့တန်းထွက်ဖို့ကိုလည်း အမြဲတမ်းတောင်းဆိုနေသူဖြစ်ပါတယ်။ 

ဒါကြောင့် သူ့ကို စစ်တောင်းမြစ်ဝှမ်းတဝိုက်က တိုက်ပွဲ ၄ ကြိမ်လောက် စေလွှတ်ခဲ့ရာ ရဲရဲရင့်ရင့် တိုက်ပွဲဝင်ခဲ့သူဖြစ်တယ်လို့ တပ်ရင်းရဲ့ရုံးအဖွဲ့တာဝန်ခံက ပြောပါတယ်။ 

“သူပြောတာက အမိန့်ကိုတော့နာခံရမယ်ဆိုတာ သဘောပေါက်ပါတယ်။ ဒါပေမဲ့ စစ်ထွက်တိုက်ချင်တာပါဆိုပြီး အမြဲတမ်းပြောနေခဲ့တယ်။” လို့ ရုံးအဖွဲ့တာဝန်ခံ G4 က ပြန်ပြောပြပါတယ်။ 

မုန်းမြို့နယ်က အာဏာသိမ်းစစ်တပ်ရဲ့ ခလရ ၅၉၀ ကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်တိုက်တဲ့အခါမှာတော့ ရဲဘော်မှန်လေးရဲ့ ခါးနဲ့ ရင်ဘက်မှာ ကျည်ထိမှန်ခဲ့ပါတယ်။ 

စနိုက်ဘာနဲ့ အပစ်ခံရတာလို့ ယူဆရပြီးသူ့ကို တပ်ဖွဲ့ဝင်တွေက တိုက်ပွဲဖြစ်ပြီး ချက်ချင်းမှာ ယာယီဆေးရုံကို ပို့ခဲ့ပေမယ့် အသက်မမီတော့ပါဘူး။ 

“ထိထိချင်းမှာ သတိကောင်းသေးတယ်၊ စကားလည်းကောင်းကောင်းပြောနိုင်တယ်။ သို့သော် အောပရေးရှင်းလုပ် (ခွဲစိပ်ကုသ) လို့ရတဲ့ နေရာကို ပို့တာမှာ လမ်းမှာပဲ ဆုံးရှုံးသွားရတာ။ အချိန်မီ အော်ပရေးရှင်းလုပ်နိုင်ခဲ့ရင်သာ တစုံတရာ အသက်ရှင်နိုင်တဲ့ အခွင့်အလမ်းတော့ရှိပါတယ်။” လို့ G4 ကပြောပါတယ်။  

သူ့မှာ ညီတယောက်ရှိပြီး သူတို့ကလေးဘဝကတည်းက အဖေနဲ့ အမေဟာ အိမ်ထောင်ကွဲသွားကြပါတယ်။ အမေက သူတို့ညီအစ်ကိုကို ခေါ်ထားပြီး မိသားစုဟာ စားဝတ်နေရေး မပြေလည်ကြပါဘူး။ 

ဒါကြောင့် သူ ၈ တန်းကျောင်းသားဘဝကတည်းက ကျောင်းပိတ်တဲ့ကာလဆိုရင် ပွဲရုံတွေမှာ ကုန်ထမ်းရင်း ဝင်ငွေရှာနေခဲ့သူဖြစ်တယ်လို့ သူ့အမေက ပြောပါတယ်။ 

သူဟာ ပဲခူးမှာပဲ တက္ကသိုလ်ဝင်တန်းအောင်ပြီး ၂၀၂၁ စစ်အာဏာသိမ်းမှုမဖြစ်ခင်အထိ အလုပ်တွေ တခုပြီးတခုရှာလုပ်ရင်း အိမ်လခနဲ့ သူ့ညီလေးကို ကျောင်းထားဖို့ ဝင်ငွေရှာနေခဲ့ပါတယ်။ 

နောက်ဆုံး သူ့အမေနဲ့ ဖုန်းပြောခဲ့တဲ့နေ့ကလည်း သူ့ညီလေးကို ပညာတက်အောင်သင်ဖို့နဲ့ သူ့အတွက် စိတ်မပူဖို့ တဖွဖွမှာနေခဲ့ပါတယ်။ 

“သူအမြဲပြောနေတာက တော်လှန်ရေးပြီးရင် မိသားစုတွေ ပြန်ဆုံကြမယ်တဲ့။ ဒါပေမဲ့ နေစရာ အိမ်မရှိတော့ (သူ)အရမ်းဝမ်းနည်းပြီး ငိုတယ်။”လို့ သူ့အမေကပြောပြပါတယ်။

#မြေလတ်အသံ

#မုန်းတိုက်ပွဲ #ပဲခူး #စစ်တောင်းမြစ်ဝှမ်း #ရိုးမစစ်ကြောင်း #ရဲဘော်မှန်လေး #ကျဆုံး #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10