မြိုင်နဲ့ပေါက်မြို့နယ်တွေထဲမှာ စစ်ကောင်စီက စာသင်ကျောင်းနဲ့ နေအိမ်တွေကိုမီးရှို့၊  ဒေသခံတွေကိုလည်း ဖမ်းထား

မြိုင်နဲ့ပေါက်မြို့နယ်တွေထဲမှာ စစ်ကောင်စီက စာသင်ကျောင်းနဲ့ နေအိမ်တွေကိုမီးရှို့၊  ဒေသခံတွေကိုလည်း ဖမ်းထား

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်တွေထဲမှာရှိတဲ့ ကျေးရွာတွေက နေအိမ်တွေနဲ့ စာသင်ကျောင်းကို မီးရှို့ပြီး ဒေသခံတွေကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မြိုင်မြို့နယ်၊ ဝက်ကျကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီတပ်က  မီးရှို့ဖျက်ဆီးသွားသလို ပြည်သူ ၃ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။ 

အောက်တိုဘာ ၄ ရက် မနေ့မနက် ၇ နာရီခွဲလောက်မှာ NUG အစိုးရကဖွင့်လှစ်ထားတဲ့ ဝက်ကျရွာက စာသင်ကျောင်းဆောင် ၂  ဆောင်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီး ဒီနေ့မနက်စောစော ၂ နာရီ လောက်မှာတော့ အဲဒီရွာက ၂ မိုင်လောက်ဝေးတဲ့ နှောပင်ရွာထဲကို ဆက်လက်ဝင်ရောက်သွား တယ် လို့ဆိုပါတယ်။

သူတို့ကျောင်းကို ဘာကြောင့်မီးရှို့သွားတာလဲမသိဘူး။ သူတို့က လုပ်ချင်ရင်ဘာမဆို ဖြစ်တာဆိုတော့လေ လို့ ဝက်ကျဒေသခံတဦးက ပြောပါတယ်။


အဲဒီကျောင်းဆောင်တွေကို NUG အစိုးရက ၂၀၂၃ ခုနှစ် နှစ်စကတည်းက စတင်ဆောက် လုပ်ပေးခဲ့တာဖြစ်ပြီး ဆယ်တန်းအထိရှိတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် အဲဒီကျောင်းဆောင်ကို ဒေသခံတွေက တဲတန်းတွေထိုးထားပြီး အခန်းတွေဖွဲ့ထားပေးတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၃ ရက်ကလည်း တောတွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဝက်ကျရွာသား ၃ ဦးဟာ စစ်ကောင်စီတပ်ဖွဲ့တွေ ရွာထဲမှာထွက်သွားပြီးအထင်နဲ့ သောက်သုံး ရေပြန် ခတ်စဉ် ယင်းစစ်ကောင်စီတပ်ဖွဲ့တွေ နဲ့ တိုးပြီး အဖမ်းခံလိုက်ရတာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ရွာသားတွေလည်း သောက်သုံးရေကုန်ပြီးဆိုတော့ရွာထဲ ရေပြန်ခပ်တာမှာ အဖမ်းခံလိုက်ရတယ်။ တယောက်ကလည်း သူရဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို စိတ်မချလို့ ပြန်ကြည့်တာ၊ သူတို့ ၃ ယောက်ကိုတော့ မတွေ့ဘူး။ သူတို့စီးသွားတဲ့ ဆိုင်ကယ်တွေဘဲ ပြန်တွေ့တာ” လို့ ဆိုပါတယ်။ 

ဖမ်းဆီးခံရတဲ့သူ ၃ ဦးထဲမှာ  အသက် ၁၇ နှစ်အရွယ် အမျိုးသား ၁ ဦး နဲ့ အသက် ၂၀ ဝန်းကျင်အရွယ်အမျိုးသား ၂ ဦးဖြစ်ပြီး သူတို့ ၃ ဦးကို အခုချိန်ထိ အဆက်အသွယ်မရရှိ သေးဘူးလို့လည်း ဆိုပါတယ်။ 

ဝက်ကျရွာထဲကို စစ်ကောင်စီတပ်က အခုလိုဝင်ရောက်မွှေနှောက်တာဟာ ၄ ကြိမ်ထက်မနည်း ရှိပြီဖြစ်ကြောင်း နဲ့ ဒေသခံတွေဟာလည်း ထွက်ပြေးတိမ်းရှောင်နေတာ ဒီနေ့နဲ့ဆို ၁၀ ရက်လောက်ကြာလာလို့ အိမ်ကယူဆောင်လာတဲ့ စားသောက်စရာတွေလည်းပြတ်လပ်ကာ စားသောက်ဖို့ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ ဝက်ကျဒေသခံက ဆက်ပြောပါတယ်။

မိုးမရွာတော့ နေလို့ထိုင်လို့ရတယ်။ မိုးရွာရင်တော့ ဒုက္ခတွေများတာပေါ့။ တိရိစ္ဆာန်တွေနဲ့ သက်ကြီးအိုတွေနဲ့ က အဆင်မပြေပါဘူး၊ စားဖို့သောက်ဖို့ကလည်း ရွာကနေထွက်ပြေးကတည်းက လေးငါးရက်စာလောက်ဘဲ ယူခဲ့တာ။ အခုကျတော့လည်း ၁၀ ယောက်လောက်ရှိပြီးဆိုတော့ နဲနဲတော့ခက်ခဲတာပေါ့ လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ကျေးရွာထဲကနေ ပြန်လည်ထွက်သွားပေမဲ့လည်း နောက်ထပ်ပြန်လာမှာ ဆိုးတဲ့အတွက် ဒေသခံတွေဟာ ကျေးရွာထဲကို ဝင်ရောက်နေထိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။ 

ဒါ့အပြင် အဲဒီစစ်ကြောင်းဟာ  အောက်တိုဘာ ၂ ရက်ကလည်း ကျောက်ဆောက်ရွာသစ်ရွာက နေအိမ် ၂ လုံး နဲ့ တဲ ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

အလားတူ ပေါက်မြို့နယ်အရှေ့ပိုင်းရှိ ထန်းတောကုန်း၊ ပျဥ်းချောင်း၊ ငမို့လေး၊ ငမို့ကြီး၊ ရွှေလှံ၊ မြင်းခြံကုန်း၊ ရေပြာရွာတွေကို စစ်ကောင်စီ ခြေမြန်တပ်ရင်း-၂၅၁ က အင်အား ၂၀၀ ခန့်နဲ့ အောက်တိုဘာ ၂ ရက် ညနေပိုင်းက စစ်ကြောင်းဝင်လာပြီး ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူကြသလို နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသကာကွယ်ရေး ရဲဘော်တဦးဆီက သိရပါတယ်။ 

"အိမ်တွေမှာရှိတဲ့ ရိက္ခာ၊ အဝတ်အထည်နဲ့ အိုးခွက်ပန်းကန်တွေ အကုန်ခိုးသွားတယ်။ ကုန်စုံဆိုင်၊ ဆိုင်ကယ်ပစ္စည်းဆိုင်၊ ဖုံးဘေက အစယူသွားကြတယ်" လို့ ရဲဘော်က ပြောပါတယ်။ 

ဒါ့အပြင်အောက်တိုဘာလ ၃ ရက် နေ့လယ်ပိုင်းကလည်း အုန်းတောတောင်စုရွာကို စစ်တပ်က မီးရှို့ခဲ့ပြီး အောက်တိုဘာလ ၄ ရက်နေ့ မနက် ၁၀ နာရီကျော်မှာလည်း အဲဒီရွာက နေအိမ်တွေကို ထပ်မံမီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကြောင်းဝင်လာတဲ့ ခြေမြန်တပ်ရင်း-၂၅၁ တပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာလ ၅ ရက်နေ့အထိ အုန်းတောမြောက်စုရွာက ပြန်မထွက်သေးတာကြောင့် ရွာသားတွေ အိမ်မပြန်ရဲကြသေးဘူးလို့ သိရပါတယ်။


ပုံစာ - အောက်တိုဘာလ ၃ ရက်နဲ့ ၄ ရက်မှာစစ်ကောင်စီက
 အုန်းတောတောင်စုရွာကို မီးရှို့နေစဥ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #မီးရှို့ #ဖမ်းဆီး #ဒေသခံ #စစ်ကောင်စီ #မကွေးတိုင်း #ပခုက္ကူ #မြိုင်မြို့နယ် #ပေါက်မြို့နယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10