အနိဌာရုံသတင်းတွေကြားက အမျိုးသမီးသတင်းသမားတွေ (ဆောင်းပါး)

အနိဌာရုံသတင်းတွေကြားက အမျိုးသမီးသတင်းသမားတွေ (ဆောင်းပါး)

မဇင်မာ*ဟာ မြန်မာပြည်အလယ်ပိုင်း မြေလတ်ဒေသက သတင်းတွေ၊ အဖြစ်အပျက်တွေကို နေ့စဉ်သတင်း ရေးသားနေရတဲ့ လုပ်သက် ၃ နှစ် နီးပါးရှိ အလွတ်တန်းသတင်းသမားတဦး ဖြစ်ပါတယ်။

လက်ထုတ္တောရွာ၊ စုန်းချောင်းရွာ၊ ဆုံရွာ စတဲ့ကျေးရွာတွေမှာ ဖြစ်ပျက်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမျိုးတွေအပါအဝင် ပဇီကြီး လေကြောင်းဗုံးကြဲမှု၊ မြောက်ခင်ရမ်းက လူငယ် ၂ ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုစတာတွေဟာ မဇင်မာတယောက် အထူးပြုသတင်းရယူရေးသားနေတဲ့ မြေလတ်ဒေသနယ်မြေတွေမှာ ဖြစ်ပျက်ခဲ့တဲ့ အနိဌာရုံတွေပဲဖြစ်ပါတယ်။ 

အာဏာသိမ်းပြီးချိန်၊ သတင်းသမားတယောက်ဘဝကို ရွေးချယ်လိုက်ပြီးနောက်မှာ သူဟာ ဒီလို အဖြစ်အပျက်မျိုးတွေနဲ့ ရောပြွမ်းနေရင်း သတင်းသမားဘဝကို ဖြတ်သန်းနေရတာပါ။ 

“ခန္ဓာကိုယ်အပိုင်းပိုင်းဖြတ်ခံထားရတဲ့ ရုပ်ပုံတွေမြင်တဲ့အခါမျိုးတွေမှာ သတင်းထောက်အလုပ်ကို ဆက်လုပ်ဖို့ အားမရှိတဲ့အထိ ဖြစ်ခဲ့ဖူးတယ်” လို့ အမျိုးသမီး သတင်းထောက် မဇင်မာက လက်ရှိ ခံစားချက်နဲ့ပတ်သက်ပြီး ရင်ဖွင့်ပါတယ်။ 

အနိဌာရုံအဖြစ်အပျက်တွေ၊ အန္တရာယ်ထူပြောတဲ့ အခြေအနေတွေနဲ့ ရုတ်တရက်ကြုံတွေ့ကြရပြီ ဆိုရင် လူတိုင်းဟာ အဲ့ဒီနေရာနဲ့ အဝေးဆုံးကို တိမ်းရှောင်ကြရပါတယ်။

ဒါပေမဲ့ သတင်းသမားတွေအတွက်တော့ အဲဒီ အနိဌာရုံတွေ၊ စိတ်သောကကြီးမားစေမယ့် အဖြစ်အပျက်တွေ ရှိရာဆီကို ပြေးလွှားသတင်းရယူကြပါတယ်။

ပြည်သူတွေကို တိကျတဲ့သတင်းတွေ ပေးပို့ဖို့ မြေပြင်ကို ကွင်းဆင်းနိုင်သူတွေက ကွင်းဆင်း သတင်းယူကြသလို၊ ရောက်နိုင်ဖို့ ခက်ခဲတဲ့ ဒေသတွေဆိုရင်တောင် မြေပြင်က ကာယကံရှင်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး မေးမြန်း သတင်းယူကြရတယ်။ 

ကုန်လွန်ခဲ့တဲ့ ၂ နှစ်တာကာလအတွင်း မြေလတ်ဒေသက တိုက်ပွဲသတင်းတွေ၊ စစ်ဘေးရှောင် ပြည်သူတွေရဲ့ အကြောင်းအရာတွေကို ရေးသားဖော်ထုတ်နေရင်းမှာပဲ မဇင်မာဟာ တိုက်ပွဲထဲမှာ ကိုယ်တိုင်ဝင်ပြေးနေရသူ တယောက်အဖြစ် ညည အိပ်မက်ဆိုးတွေမက်လာတယ်။

ဒီလိုခံစားချက်တွေဆက်တိုက် ဆက်တိုက်ဖြစ်လာတဲ့အခါ "လူက နည်းနည်းထိလိုက်တာနဲ့ လဲကျတော့မလိုပဲ စိတ်ထိခိုက်တာတွေ လွယ်လာတယ်၊ တခုခုဆို စိတ်တို မြန်တာ၊ ဝမ်းနည်းမြန်တာတွေ ဖြစ်လာတယ်" လို့ မဇင်မာက သူဖြတ်ကျော်နေရတဲ့ အခြေအနေကို ရင်ဖွင့်ပါတယ်။

စိတ်ခံစားချက်တွေဟာ ထိလွယ်ရှလွယ်ဖြစ်လာသလို သတိမေ့တာ၊ တချို့ကိစ္စရပ်တွေဆိုရင် မှတ်သား နိုင်စွမ်းတွေပါ ကျဆင်းခဲ့ရတယ်လို့ဆိုပါတယ်။

“ပဇီကြီးရွာမှာ လေကြောင်းဗုံးကြဲခံရလို့ ကလေးတွေ အများကြီး သေတဲ့သတင်းဆိုရင် အင်တာဗျူး လုပ်နေရင်း ဆက်မမေးနိုင်ဘဲ ငိုချလိုက်မိလို့ တဖက်လူက ငိုပါအစ်မ၊ ကျနော်စောင့်ပေးပါ့မယ်လို့ ပြန်ပြောပေးရတဲ့အထိ ဖြစ်ခဲ့ဖူးတယ်” လို့ မဇင်မာက သူ့စိတ်ထဲက ဒါဏ်ရာတွေအကြောင်းကို ဖွင့်ဟပါတယ်။

ကိုယ်တန်ဖိုးထားရွေးချယ်ခဲ့တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ရဲ့ သဘောသဘာဝကြောင့် ရရှိလာတဲ့ ဒီလို စိတ်ဒဏ်ရာမျိုးတွေက မဇင်မာတယောက်တည်း ခံစားနေရတာတော့ မဟုတ်ပါဘူး။ 

သူ့ကိုယ်သူ နန်း လို့ နာမည်အတိုကောက် သုံးစေချင်တဲ့ အမျိုးသမီးသတင်းထောက်ကလည်း မဇင်မာလိုပဲ စစ်တပ်အာဏာသိမ်းပြီးမှ သတင်းလောကထဲကို ရောက်ရှိလာသူ ဖြစ်ပါတယ်။ 

သတင်းထောက်မဖြစ်ခင်က ကလေးတွေကို ပညာဒါန စာသင်ကြားပေးနေသူတဦးဖြစ်ခဲ့ပြီး အနိဌာရုံတွေ၊ စိတ်ဆင်းရဲ သောကဖြစ်စရာတွေမရှိတဲ့ ဘဝကို ဖြတ်သန်းနေခဲ့ဖူးသူတယောက် ဖြစ်ခဲ့ပါတယ်။ 

အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားတယောက်ဖြစ်လာခဲ့ပြီး သူ့ဘဝမှာ ပထမဆုံး ရေးဖူးတဲ့သတင်းက မွန်ပြည်နယ်၊ သထုံမြို့နယ်ထဲက ကျေးရွာတရွာမှာ ရေကားမောင်းတဲ့ အမျိုးသားကြီးတဦးကို စစ်ကောင်စီ တပ်သားတွေက ကားမရပ်ပေးလို့ဆိုပြီး ပစ်သတ်လိုက်တဲ့ သတင်းပါ။

အဲဒီသတင်းနောက်ကိုလိုက်ရင်း သေဆုံးသူရဲ့ မိသားစုတွေနဲ့ အဆက်အသွယ်ရတဲ့အချိန်မှာ သေဆုံးသူရဲ့ သမီးဖြစ်သူက ‘သမီးတို့ အမေက ထောင်ထဲမှာ၊ အဖေကပဲ ရေကားမောင်းရင်း သမီးတို့ကို လုပ်ကျွေးနေတာ၊ အခုအဖေလည်း မရှိတော့ဘူး၊ သမီးတို့ မောင်နှမ ၂ ယောက်ပဲ ကျန်တော့တယ်’ လို့ ပြောလိုက်တဲ့ အချိန်မှာ နန်း ဟာ ရှိုက်ကြီးတငင် ငိုချမိလိုက်တယ်လို့ ဆိုပါတယ်။

“သူတို့ငိုသံတွေလဲကြားရော ဘာစကားမှ ဆက်မပြောနိုင်တော့ဘူး၊ သူတို့နဲ့အတူ ငိုမိပါလေရော၊ ညဘက်တွေမှာလည်း ကျမကောင်းကောင်းအိပ်မရခဲ့ဘူး။ ကလေးတွေရဲ့ ငိုသံလေးတွေကို နားထဲမှာ ကြားနေခဲ့တယ်” လို့ နန်းက ရင်ဖွင့်ပါတယ်။ 

မကွေးတိုင်း၊ စစ်ကိုင်းတိုင်းထဲက လေကြောင်းဗုံးကြဲမှုတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေ၊ နေအိမ်မီးရှို့ခံ ရတဲ့သတင်းတွေ၊ စစ်ဘေးရှောင်သူတွေအကြောင်းနဲ့ သူတို့ရဲ့ ခက်ခက်ခဲခဲ ရှင်သန်နေကြရတဲ့ အကြောင်းတွေကို သတင်းသမားလုပ်သက် ၂ နှစ်ကျော်ရှိတဲ့ နန်းတယောက် သတင်းရေးသားခဲ့ရပြီး၊ သူ့ဘဝအတွက် စိတ်ဒဏ်ရာ ကြီးကြီးမားမားရစေခဲ့သလို အလုပ်တာဝန် ထိခိုက်လောက်အောင် စိတ်ဓာတ်တွေ လဲပြိုကျတဲ့အထိ ကြုံတွေ့ခဲ့ရပါတယ်။ 

အညာဒေသအပျက်အစီးတွေကြားက အသက်ရော၊ ခြေလက်တွေပါမရှိတော့တဲ့ ကလေးငယ်တွေ၊ ရုပ်ပျက်ဆင်းပျက် သေဆုံးနေတဲ့ လူကြီးတွေရဲ့ ရုပ်အလောင်းတွေကို ကြည့်ပြီး သတင်းရေးရတာ မျိုးဆိုရင် “ကျမ သတင်းတောင်ဆက်မရေးနိုင်ဘဲ ငိုခဲ့ရတယ်။ ရုံးကနေ အိမ်ကိုပြန်ခဲ့တယ်။ တလမ်းလုံး ငိုခဲ့တယ်။ အိမ်ကိုရောက်တော့လည်း ကျမ ဘာမှကို မလုပ်နိုင်ခဲ့ဘူး။ နောက်နေ့မှာလည်း လူက ကြောင်တောင်တောင် ဖြစ်နေခဲ့တယ်” လို့ နန်းက လွန်ခဲ့တဲ့ ၁ နှစ်ဝန်းကျင်က အတွေ့အကြုံကို ပြန်ပြောင်းပြောပါတယ်။ 

ဒီလိုတွေ ဖြစ်ပြီးတဲ့နောက်မှာ နန်းရဲ့ စိတ်ခံစားချက်တွေဟာ အရင်ကထက် သိသိသာသာ ဆိုးရွားလာခဲ့တယ်။ 

အရင်ကထက် ဝမ်းနည်းလွယ်လာသလို၊ အိပ်ချိန်တွေကို ကမောက်ကမ ဖြစ်စေခဲ့တယ်။ အိမ်မက်ဆိုးတွေ မက်တယ်။ လူတွေအသတ်ခံရတာတွေကို ပြန်မြင်ယောင်တယ်။ 

သီချင်းတီးလုံးသံ ကြားရင်တောင် သူ့သတင်းရင်းမြစ်တွေ ကြုံတွေ့နေရတဲ့ ဘေးဒုက္ခတွေ အကြောင်း ခေါင်းထဲပေါ်လာပြီး မျက်ရည်ဝဲလာတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

"ကျမနားထဲမှာ သူ့ရဲ့ ငိုသံတွေထပ်ကြားတယ်၊ အိပ်လို့မရဘူး၊ အနားမှာ လူတယောက်ယောက် လာပြီး စကားလာပြောနေတယ်လို့ ကျမမြင်နေရတယ်၊ သေချာအောင်ဆိုပြီး ဖုန်းမီးဖွင့်ပြီး ကြည့်တော့ ဘယ်သူမှမရှိဘူး"လို့ သူက ဆိုပါတယ်။

ဒီလိုအနိဌာရုံအဖြစ်အပျက်တွေကို ကိုယ်တိုင်ခံစားရသူတွေ မဟုတ်သည့်တိုင် တဆင့်ခံ ကြားနာရသူတွေနေရာကနေ စိတ်ဒဏ်ရာရခဲ့တဲ့ မဇင်မာနဲ့ နန်းတို့လိုပဲ အာဏာသိမ်းပြီးနောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေနဲ့ ကြုံခဲ့တဲ့ လုပ်သက်ရင့် အမျိုးသမီး သတင်းသမား ၂ ယောက်ကတော့ မဝတ်ရည်* နဲ့ မသူဇာတို့ပဲဖြစ်ပါတယ်။ 

မြန်မာပြည်မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ပျက်သုဉ်းပျောက်ကွယ်သွားတဲ့ သတင်းလွတ်လပ်ခွင့်၊ သတင်းသမားတွေကို ရန်သူသဖွယ် ဖမ်းဆီးတာ၊ နှစ်ရှည်ထောင်ဒဏ်တွေချတာ၊ သတ်ဖြတ်တာတွေအထိ ဆက်တိုက်ကျူးလွန်နေတာတွေကြောင့် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုကို ခံစားခဲ့ရသူက သတင်းသမားလုပ်သက် ၁၀ နှစ်ကျော်ရှိပြီဖြစ်တဲ့ မဝတ်ရည် ပဲ ဖြစ်ပါတယ်။ 

သူဟာ မြန်မာပြည်ရဲ့ နာမည်ရသတင်းဌာနကြီးတခုက အယ်ဒီတာတဦးဖြစ်သလို၊ နို့စို့အရွယ် ကလေးငယ် ရှိတဲ့ မိခင်လည်းဖြစ်ပါတယ်။

“အာဏာသိမ်းပြီးနောက်ပိုင်း စိတ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေကြောင့် ညလုံးပေါက် အိပ်မပျော်တာတွေဖြစ်တယ်၊ ဖြတ်သွားဖြတ်လာ ကားသံတွေ၊ လူတွေစကားပြောတဲ့အသံတွေကို မရမက လိုက်နားစွင့်နေမိတာမျိုး၊ ကြာလာတော့ စိတ်သောကတွေ စုလာတယ်” လို့ မဝတ်ရည် က ပြန်ပြောင်းပြောပြပါတယ်။ 

ကလေးမီးမဖွားခင်၊ ကိုယ်ဝန်ဆောင်ဘဝမှာတုန်းက သတင်းထောက်ကပေးပို့လာတဲ့ သတင်းတွေမှာ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေ၊ သားသည်မအေတွေ ဖမ်းဆီး၊ သတ်ဖြတ်ခံရတဲ့သတင်းတွေကို တည်းဖြတ်ရတဲ့ကိစ္စဟာ သူ့အတွက် အခက်အခဲဆုံး အခြေအနေတွေပါပဲ။ 

ဒီလိုသတင်းတွေတက်လာပြီဆိုရင် တခြားအယ်ဒီတာတွေကို တည်းပေးဖို့ အကူအညီ တောင်းတာမျိုး လုပ်ရပေမယ့် ကိုယ့်အလုပ်၊ ကိုယ့်တာဝန်အပေါ် တာဝန်မကျေသလို အပြစ်ရှိ ခံစားစိတ် တဖက်လည်း ဖြစ်မိတယ်လို့ အလုပ်တာဝန်နဲ့ စိတ်ခံစားချက်ကြားမှာ ဖိအားများတဲ့ အခြေအနေကို မဝတ်ရည် က ရင်ဖွင့်ပါတယ်။ 

သူက ဆက်ပြီး “ကလေးတွေရဲ့ အရိုးစတွေ၊ သွေးတွေပုံ ကြည့်လိုက် သားကို ဖက်ငိုလိုက်နဲ့ အတော်ဖြတ် ကျော်ခဲ့ရတယ်။ အခုချိန်ထိပဲ ကလေးတွေ၊ မိခင်တွေ စိတ်သောကရောက်နေတဲ့ အင်တာဗျူးတွေဆိုရင် ဖွင့်ပြီး နားမထောင်ရဲဘူး။ ခုချိန်ထိပဲ ဝမ်းနည်းတယ်၊ မျက်ရည်တွေကျတယ်။ လူကြားထဲမှာ ကိုယ့်စိတ်ခံစားချက်ကို ထိန်းချုပ်ဖို့အတွက် အဲလိုသတင်းတွေဆိုရင် အတတ်နိုင်ဆုံး ရှောင်ခဲ့ရတယ်” လို့ ပြောတယ်။ 

အာဏာသိမ်းပြီးကတည်းက ၃ နှစ်နီးပါး ဆက်တိုက်ခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကို ဖြေလျော့ဖို့ စိတ်ကျန်းမာ ရေးပညာရှင်နဲ့ စကားတွေပြောဖြစ်ခဲ့ပေမယ့် လုံခြုံရေးအသိက လွှမ်းမိုးထားတဲ့အခါ သတင်းသမားဘဝ စိတ်ဒဏ်ရာအစိုင်အခဲတွေကို မဖွင့်ထုတ်နိုင်ခဲ့ပါဘူး။ 

“အဲ့အစား ငယ်ဘဝကရခဲ့တဲ့ စိတ်ဒဏ်ရာတွေ၊ ပြီးတော့ အခု လတ်တလော ကြုံနေရတဲ့ ငွေရေးကြေးရေးနဲ့ ပတ်သက်တဲ့ စိတ်ဖိစီးမှုတွေ၊ ထုတ်ပြောလို့ရသလောက်ပဲပြောခဲ့တယ်။ ဘာပဲပြောပြော စိတ်ကတော့ အများကြီးသက်သာတယ်၊ ရှေ့ဆက်နိုင်တယ်။” လို့ မဝတ်ရည် က သူ့အတွေ့အကြုံကို မျှဝေပါတယ်။ 

ဒါ့ကြောင့် သူ့ရဲ့ စိတ်သောကတွေနဲ့ စိတ်ဒဏ်ရာတွေဟာ လုံးလုံးလျားလျား ရှင်းသွားတာမျိုး မဟုတ်ပါဘူး။ ဒါတွေကို အပြီးသတ် ကုသနိုင်ဖို့ မလွယ်လောက်ဘူးလို့ သူကဆိုပါတယ်။ 

“သတင်းအသစ်အသစ်တွေ အမြဲတမ်းကြားပြီး အမြဲသိနေတော့ စိတ်က ထပ်ထပ်ပြီး နာကျင် နေရတယ်။ ဒါပေမဲ့ ရှိနေတဲ့ သောကတွေ ၅၀ ရာခိုင်နှုန်းလောက် ဖြေလျော့နိုင်ခဲ့တယ်” လို့ သူက ဆိုပါတယ်။ 

ဒီလို စိတ်ဖိစီးစရာသတင်းတွေ၊ အဖြစ်အပျက်တွေနဲ့ ရှေ့ဆက်နေရဦးမယ့် သတင်းသမားတယောက် ဘဝမှာ စိတ်သောကတွေနည်းနိုင်သမျှနည်းအောင်၊ စိတ်သက်သာအောင် ကျန်းမာရေး လေ့ကျင့်ခန်း လုပ်တယ်လို့ မဝတ်ရည် က ပြောပါတယ်။

“အခုတော့ စိတ်ကို ပိုပြီးတည်တည်ငြိမ်ငြိမ်ထားပြီး သတင်းတွေကို ကိုင်တယ်၊ တည်းတယ်။ ခံစားချက် ပြင်းလာရင် အသက်ပြင်းပြင်းရှုတဲ့ လေ့ကျင့်ခန်း လုပ်တယ်။” 

နောက်ထပ် သတင်းသမားလုပ်သက် ၁၇ နှစ် ဝန်းကျင်ရှိတဲ့ မသူဇာကတော့ အာဏာသိမ်းပြီး နောက်ပိုင်း မြေပြင်ကသတင်းတွေကို ရုပ်သံရိုက်ကူးတင်ဆက်ခဲ့တာကြောင့် သတင်းသမားတွေကို နည်းမျိုးစုံနဲ့ ဖိနှိပ်နေတဲ့ စစ်ကောင်စီရဲ့ ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။ 

အဲဒီကာလတွေမှာ မိသားစုရှိရာ နေအိမ်ကို မွှေနှောက်ရှာဖွေရင်း လက်မတင်လွတ်မြောက်ခဲ့ပေမယ့်  ခင်ပွန်းဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားတာ၊ နောက်ဆုံးမှာ သူကိုယ်တိုင် စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး စစ်ကြောရေးနဲ့ ထောင် ၂ ခုပေါင်းမှာ ၁၅ လလောက် ကျော်ဖြတ်ခဲ့ရသူလည်း ဖြစ်ပါတယ်။ 

မသူဇာဟာ စိတ်ဓာတ်သန်မာတဲ့အမျိုးသမီးတယောက်ဖြစ်ပေမယ့် သူရင်ဆိုင်ခဲ့ရတဲ့အရာတွေ၊ စိတ်မလုံခြုံမှုတွေကြောင့် ထောင်ကထွက်လာတဲ့အချိန်မှာ ထိုင်း-မြန်မာနယ်စပ်ကတဆင့် အိမ်နီးချင်းနိုင်ငံကို ပြောင်းရွှေ့ နေထိုင်ခဲ့ပါတယ်။ 

“ထိုင်းရဲတွေ၊ စစ်သားတွေနဲ့တွေ့ရင် စိတ်အဆင်မပြေဘူး၊ ကြောက်နေတုန်းပဲ။ တခုခုဖြစ်တော့မယ် ဆိုတဲ့ ခံစားမှုက ခုထိ မပျောက်သေးဘူး။” လို့ သတင်းသမား တယောက်အနေနဲ့ ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုကို ထုတ်ပြောပါတယ်။ 

သူ့စိတ်ထဲမှာ နက်ရှိုင်းနေတဲ့ စိတ်ဒဏ်ရာကို သတိထားမိလာသလို စိတ်ဒဏ်ရာနဲ့ ပတ်သက်တာ၊ စိတ်ကျရောဂါနဲ့ပတ်သက်တာတွေအကြောင်းကို ရှာဖွေဖတ်ရှုခဲ့သလို စိတ်ပညာရှင် တယောက်ယောက်ရဲ့ လမ်းညွှန်မှုနဲ့သွားမှ အဆင်ပြေမယ့် အခြေအနေဆိုတာကို နားလည်ခဲ့တယ်လို့ မသူဇာက ဆိုပါတယ်။ 

“Counselling ၅ ကြိမ်လောက်မှာ ကျမနေရထိုင်ရတာ အဆင်ပြေလာတယ်၊ သက်တောင့်သက်သာ ဖြစ်လာတယ်၊ မိသားစုကို ပိုပြီး အာရုံစိုက်လာနိုင်တယ်။ သူတို့နဲ့ တသားတည်းပြန်ဖြစ်လာတယ်။ တရိစ္ဆာန်လေးတွေ မွေးထားပြီး ဂရုစိုက်နိုင်တယ်၊ စိတ်ထားလေးနူးညံ့လာတာပေါ့။ စိတ်အခြေနေက ထောင်ကထွက်လာတဲ့နှစ်ကလောက်တော့ မဆိုးတော့ဘူး၊ အနားမှာ မိသားစုရှိတာလဲ ပါတာပေါ့။” လို့ မသူဇာက ဖွင့်ဟပါတယ်။ 

ဒီလို စိတ်ဒဏ်ရာတွေ ခံစားလာရတဲ့အခါ ဖြစ်တတ်တဲ့ လက္ခဏာတွေကို Counselling Conor ရဲ့ လူထုအသိပညာပေး အစီအစဉ်တွေမှာ အခုလို ဖော်ပြထားပါတယ်။ 

လူတယောက်ဟာ ပထမဆုံးအနေနဲ့ စိတ်ခွန်အားတွေ ကျဆင်းလာမယ်၊ စိတ်အတက်အကျ မြန်လာမယ်၊ သည်းခံစိတ် လျော့ပါးလာမယ်၊ ကိုယ့်ကိုယ်ကို ဂရုစိုက်မှု အားနည်းလာမယ်၊ ဆုံးဖြတ်ချက်ချဖို့နဲ့ အာရုံစူးစိုက်ဖို့ ခက်ခဲလာမယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ညဘက်အိပ်မပျော်တာ၊ အအိပ်လွန်ကဲတာတွေ ဖြစ်လာမယ်၊ အရင်တုန်းက စိတ်ပါလက်ပါရှိတဲ့ လုပ်ဆောင်ချက်မျိုးတွေကို လုပ်ချင်စိတ်ကုန်လာမယ်၊ ကိုယ့်ကိုယ်ကို အသုံးမကျသူ၊ တန်ဖိုးမဲ့သူလို့ခံစားရပြီး စိတ်ထွက်ပေါက် မဲ့နေမယ်၊ အချိန်တော်တော်များများ အင်အားကုန်ခမ်းသလိုဖြစ်နေမယ်ဆိုရင် အဲဒါဟာ  စိတ်ကျန်းမာ‌ရေး စတင်ထိခိုက်နေပြီဆိုတဲ့ လက္ခဏာတွေပဲလို့ ဖော်ပြထားပါတယ်။ 

နောက်တဆင့်မှာတော့ စိတ်ခံနိုင်ရည် အားနည်းသွားပြီး၊ စိုးရိမ်တာတွေ၊ စိတ်ပူပန်တာတွေကို အချိန်ပြည့်နီးပါး ခံစားနေရမယ်။ လူတွေနဲ့ ဆက်ဆံရမယ့်ကိစ္စကို ရှောင်လာမယ်။ အစားအသောက် အမူအကျင့်တွေနဲ့ ကိုယ်အလေးချိန်တွေ ပြောင်းလဲလာမယ်။ နေ့စဉ်လုပ်နေကျ အလုပ်တွေကို မစီမံနိုင်တာမျိုးတွေဖြစ်လာမယ်။ အရင်တုန်းက မလုပ်ခဲ့တဲ့ ဆေးလိပ်၊ အရက် စတာတွေ စမ်းလုပ်လာမယ်။ အစာမကြေတာ၊ ကြွက်သားနာတာ၊ ခေါင်းကိုက်တာ စတဲ့ လက္ခဏာတွေ ပေါ်လာမယ်လို့ Counselling Conor ရဲ့ လူထုအသိပညာပေး အစီအစဉ်တွေမှာ ဖော်ပြထားပါတယ်။

ဒီအဆင့်တွေထဲက တခုခုကို ခံစားနေရပြီဆိုရင် ခေါင်းမာမနေဘဲ၊ ငြင်းပယ်မနေဘဲ ကျွမ်းကျင်တဲ့ ကုထုံးပညာရှင်တွေ၊ ဆရာဝန်တွေနဲ့ ဆွေးနွေးပြီး ကုသမှုခံယူသင့်တယ်လို့ Counselling Conor ကနေ သိရပါတယ်။ 

ဒါတွေကိုကျော်လွန်ပြီး အဆိုးရွားဆုံး အခြေအနေကို ရောက်ပြီဆိုရင်တော့ မိမိကိုယ်ကို ဘာဖြစ်နေမှန်းမသိတော့တဲ့အထိ စိတ်ကစဉ့်ကလျား ဖြစ်မယ်၊ စိတ်ဓာတ်ကျခြင်းက ဝါးမြိုသွားမယ်၊ ဘဝကို ရေစုန်မျောပစ်လိုက်တာ၊ မူးယစ်ဆေးဝါးအလွဲသုံးတာ၊ မိမိကိုယ်ကို အဆုံးစီရင်တာတွေအထိ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ 

ကိုယ်ယုံကြည်ရာကို ဆက်ပြီး လုပ်နိုင်ဖို့ဆိုတာ စိတ်လည်း ကျန်းမာနေဖို့၊ စိတ်ထဲမှာ ဒဏ်ရာဒဏ်ချက် ကင်းနေဖို့ အဓိက လိုအပ်ပါတယ်။ ဒီလို အလုပ်ခွင်ကတဆင့် ရလာတဲ့ စိတ်ဒဏ်ရာတွေကို ဖြေလျော့နိုင်ဖို့ စိတ်ကျန်းမာရေးဆိုင်ရာ နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဉ်တွေကို မြန်မာအမျိုးသမီးသတင်းသမားအဖွဲ့ (MWJS)ကလည်း လုပ်ဆောင်ပေးနေပါတယ်။ 

စိတ်ပိုင်းဆိုင်ရာ ခံစားချက်တူတဲ့ အမျိုးသမီးသတင်းသမားအချင်းချင်းတွေ့ဆုံပြီး ရင်ဖွင့်ဆွေးနွေးတဲ့ အစီအစဉ်၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပညာရှင်တွေနဲ့ ဆွေးနွေးစေတဲ့ အစီအစဉ်၊ လိုအပ်လာရင် ဆေးဝါးနဲ့ ကုသပေးနိုင်တဲ့ ဆရာဝန်နဲ့ ချိတ်ဆက်ပေးတဲ့ အစီအစဉ်ဆိုပြီး အပိုင်း ၃ ပိုင်းခွဲ လုပ်ဆောင်ပေးနေလို့ MWJS က တာဝန်ရှိသူတယောက်လည်းဖြစ်၊ သတင်းသမား တယောက်လည်းဖြစ်တဲ့ မစိုးစံထိုက်က ရှင်းပြပါတယ်။ 

“နိုင်ငံတကာမှာတော့ Counselling ယူတယ်ဆိုတာ ပုံမှန်လုပ်နေကျအလုပ်ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ ကျတော့ ဒါကို ရှက်စရာလို့မြင်ပြီး သူ့အသိုင်းအဝိုင်းကသိမှာ ကြောက်တယ်၊ လူသိမခံချင်ကြဘူး။ ပြီးတာ့ လုံခြုံရေး စိုးရိမ်ချက်အရ ထုတ်မပြောရဲတာရှိတယ်။” လို့ သူက ဆိုပါတယ်။ 

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်ထဲက လူအများစုက စိတ်ဒဏ်ရာကိုယ်စီရှိနေကြတာပါ။ အဲဒီလူတွေ ထဲမှာ သတင်းသမားတွေကတော့ အနိဌာရုံတွေ၊ စိတ်သောကဖြစ်စရာသတင်းတွေနဲ့ အလုပ်လုပ်ကြရသလို၊ လုံခြုံရေးအရ ထွက်ပြေး တိမ်းရှောင်ကြရပါတယ်။ 

ဒီအခါမှာ ကျန်ခဲ့တဲ့ မိသားစုလုံခြုံရေးအတွက် ပူပန်ရတာ၊ အလုပ်ကပေးတဲ့ စိတ်ဒဏ်ရာတွေ ခံစားနေရတာမျိုးဆိုရင် တယောက်တည်း မနေဘဲ အမျိုးသမီးသတင်းသမား အချင်းချင်း စကားပြောကြတာ၊ ထုတ်ဖော်ပြောဆိုတာတွေ လုပ်သင့်တယ် သူက အကြံပြုပါတယ်။ 

“ရှက်လို့ မပြောတာ၊ တင်းခံနေတာတွေမလုပ်ဘဲ Counselling ယူဖို့ တိုက်တွန်းချင်တယ်။ ကိုယ်တိုင် စိတ်ရောကိုယ်ပါ ကျန်းမာနေမှ ကိုယ့်ကိုယ်ကိုရော၊ မိသားစုကိုပါ ကာကွယ်နိုင်မယ်။” လို့ မစိုးစံထိုက်က ပြောပါတယ်။ 

တရားထိုင်ခြင်း၊ လုံလောက်စွာအိပ်စက်အနားယူခြင်း၊ ကျန်းမာရေးလေ့ကျင့်ခန်းတခုခုလုပ်ခြင်း စတာတွေဟာလည်း စိတ်ကျန်းမာရေး အတွက် အထောက်အကူဖြစ်စေတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်တယ်လို့ Counselling Conor ကနေသိရပါတယ်။ 

ဒါ့အပြင် သဘာဝပတ်ဝန်းကျင်နဲ့ အတူ အချိန်ကုန်ဆုံးတာ၊ ကိုယ့်မှာရှိတဲ့ ကိုယ်နဲ့ပတ်သက်တာတွေကို ကျေးဇူးတင်တာ၊ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ အချိန်ကုန်ဆုံးတာ စတဲ့အရာတွေဟာ စိတ်ဒဏ်ရာရနေ သူတွေအတွက် သက်သာလျော့ပါစေနိုင်တဲ့ နည်းလမ်းတွေဖြစ်တယ်လို့ ဆိုပါတယ်။ 

မသူဇာ၊ မဝတ်ရည် ၊ နန်းနဲ့ မဇင်မာတို့ဟာ ကိုယ့်အသက်မွေးဝမ်းကျောင်းအလုပ်ကနေ တဆင့်ခံ စိတ်ဒဏ်ရာတွေ၊ ကိုယ်တွေ့ စိတ်ဒဏ်ရာတွေ ကိုယ်စီနဲ့ ကျော်ဖြတ်နေကြပေမယ့် သတင်းသမား အလုပ်နဲ့ပဲ ရှေ့ဆက် လျှောက်နေကြဆဲ အမျိုးသမီးတွေဖြစ်ပါတယ်။ 

သတင်းထောက်အလုပ်ဟာ စိတ်ဖိစီးမှုများတဲ့အလုပ်ဖြစ်ပြီး ကိုယ်တိုင်လည်း စိတ်ဒဏ်ရာတွေကို လက်ရှိ ခံစားနေရပေမယ့် ဒီအလုပ်ပေါ်ထားတဲ့ သဘောထားကို မဇင်မာက အခုလိုပြောပါတယ်။

“ဖုံးကွယ်နေတဲ့ ဖြစ်ရပ်မှန်တွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြောင်းကို ဖော်ထုတ်ချင်တဲ့ စိတ်တွေနဲ့ စပြီးလုပ်ခဲ့တာမို့လို့ အခုလို အခက်အခဲတွေရှိနေပေမယ့် ဆက်လုပ်ဖြစ်ဖို့ကိုပဲ စိတ်မှာ တွေးမိတယ်”

( *အမည်လွှဲ )

#မြေလတ်အသံ

#ဆောင်းပါး #အမျိုးသမီး #သတင်းသမား #အနိဌာရုံ #စိတ်ဒဏ်ရာ #စိတ်ဖိစီးမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10