အမျိုးသမီးငယ် ၁ ဦးကို ရိုက်နှက်သည့် ကျေးရွာပလဖနှင့်မိသားစုကို အရေးယူပေးဖို့ အမျိုးသမီး ၇၀ ကျော် ဆန္ဒပြ (ရုပ်/သံ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာမှာ အမျိုးသမီးငယ် ၁ ဦးကို အုပ်စုဖွဲ့ရိုက်နှက်ခဲ့တဲ့ ကျေးရွာပလဖအဖွဲ့ဝင်နဲ့ မိသားစုကို အရေးယူပေးဖို့ အမျိုးသမီး ၇၀ ကျော် ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ ဒေသခံအမျိုးသမီးတွေဆီက သိရပါတယ်။

စက်တင်ဘာ ၁၇ ရက် ညနေ ၃ နာရီကျော်ခန့်မှာ ကျေးရွာအတွင်းကလမ်းဆုံမှာ အမျိုးသမီးတွေစုဝေးပြီး အမျိုးသမီးတယောက်အား အုပ်စုဖွဲ့ရိုက်နှက်တဲ့ပလဖ အလိုမရှိ၊ ကျင့်ဝတ်စည်းကမ်းဖောက်ဖျက်တဲ့ ပလဖအဖွဲ့ဝင်တွေ ချက်ချင်းထွက်၊ NUG ရဲ့ပြည်ထဲရေး မှန်မှန်ကန်ကန်ဖြေရှင်းပေး စတဲ့ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ အမျိုးသမီးတွေက အပြစ်မဲ့မိန်းကလေးတယောက်ကို ရိုက်နှက်တဲ့ပလဖ အလိုမရှိ၊ အပြစ်မဲ့မိန်းကလေးတယောက်ကို ရိုက်နှက်တဲ့ပလဖ အရေးယူပေးဆိုပြီး ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

ကျေးရွာအတွင်းက အပြစ်မဲ့မိန်းကလေးငယ်တဦးကို ကျေးရွာပလဖ အဖွဲ့ဝင်နဲ့ မိသားစုတွေက ကျေးရွာလမ်းပေါ်မှာ အုပ်စုဖွဲရိုက်နှက်ခဲ့တာကို မြို့နယ်ပလဖအဖွဲ့ထံ တင်ပြတိုင်ကြားတာ အရေးမယူခဲ့သလို ကျေးရွာအဆင့်က ပအဖခေါင်းဆောင်က နစ်နာသူ မိန်းကလေးငယ်ကို တောင်းပန်ဖို့ ညှိနှိုင်းပေးတာကိုလည်း ကျူးလွန်သူတွေဘက်က မတောင်းပန်တဲ့အပြင် မထေမဲ့မြင်လုပ်နေတာကြောင့် ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်လို့ သိရပါတယ်။

ကျေးရွာပလဖ အဖွဲ့ဝင် အောင်ရဲကျော်က ကျေးရွာအတွင်းနေ မရီဝေလှိုင် (ခေါ်) ဝေဝေ ၂၃ နှစ်ကို အခြားပကဖအဖွဲ့ဝင်တစ်ယောက်နဲ့ ရည်းစားဖြစ်နေတယ်ဆိုပြီး  သွားပုပ်လေလွင့်ပြောဆိုမှုကို မခံနိုင်လို့ စက်တင်ဘာ ၁၃ ရက်မှာ အောင်ရဲကျော်ကို အရေးယူပေးဖို့ မရီဝေလှိုင်က ကျေးရွာပအဖရုံးမှာ သွားရောက်တိုင်တန်းခဲ့ပါတယ်။

အဆိုပါနေ့မှာပဲ ကျေးရွာပအဖခေါင်းဆောင်က နစ်နာသူနဲ့ ပြောဆိုသူနှစ်ဦးစလုံးကို ကျေးရွာရုံးမှာ မျက်နှာချင်းဆိုင်ခေါ်ယူတွေ့ဆုံပြီး ပြောဆိုခံရသူ မိန်းကလေးငယ်ကို ကန်တော့ပွဲနဲ့ တောင်းပန်ဖို့ ဆုံးဖြတ်ပေးခဲ့ပါတယ်။

ဒါပေမယ့် ပလဖအဖွဲ့ဝင် အောင်ရဲကျော်က မတောင်းပန်တဲ့အပြင် ကျေးရွာပအဖက ဆုံးဖြတ်ချက်ကို မလိုက်နာဘဲ ပြန်သွားခဲ့ပါတယ်။

အဲဒီနောက် ကျေးရွာပအဖရုံးကနေ မရီဝေလှိုင်က နေအိမ်ကိုပြန်စဥ် အောင်ရဲကျော်ရဲ့ အမျိုးသမီးဖြစ်သူနဲ့ အောင်ရဲကျော်ကိုယ်တိုင်အပါအဝင် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၃ ဦးက ဝိုင်းဝန်းရိုက်နှက်ထိုးကြိတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဝိုင်းဝန်းရိုက်နှက်တဲ့ဒဏ်ကြောင့် အရိုက်ခံရသူမိန်းကလေးငယ်ဟာ ဦးခေါင်းတခုလုံးမှာ အပြင်ပန်းဒဏ်ရာထက် အတွင်းဒဏ်ရာတွေကြောင့် ယနေ့အထိ ကိုက်ခဲနာကျင်နေကာ မသက်သာဘဲ ရှိနေပါတယ်။

ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြတဲ့ ပလဖအဖွဲ့ဝင်နဲ့ မိသားစုဝင်တွေကတော့ ယနေ့အချိန်ထိ အရေးယူခံရတာမျိုး မရှိဘဲ ကျေးရွာထဲမှာ ပုံမှန်သွားလာနေတယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#အမျိုးသမီးငယ် #အုပ်စုဖွဲ့ရိုက်နှက် #ကျေးရွာပလဖ #အဖွဲ့ဝင် #ဆန္ဒပြ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10