၁၀၂၇ စစ်ဆင်ရေးကိုထောက်ခံတဲ့ ၁ လေးလုံးလှုပ်ရှားမှုတွေကို ပဲခူး၊ မကွေးနဲ့ စစ်ကိုင်းနယ်တို့မှာ ပြုလုပ် (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖော်နဲ့အတူ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မြို့သိမ်းစစ်ဆင်ရေးတွေဖြစ်တဲ့ ၁၀၂၇ စစ်ရေးဖော်ဆောင်မှုတွေကို ထောက်ခံအားပေးတဲ့အနေနဲ့ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ လူထုလှုပ်ရှားမှာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဒေသတွင်းရင်းမြစ်တွေဆီက သိရပါတယ်။

အဲ့ဒီလို လှုပ်ရှားမှုတွေကို ဒေသတွင်းပြည်သူလူထု၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ သပိတ်အင်အားစုတွေ၊ တော်လှန်ရေးအင်အားစုတွေက ယနေ့ နိုဝင်ဘာ ၁၁ ရက်မှာ ပုံစံမျိုးစုံနဲ့ပြုလုပ်ခဲ့ကြတာပါ။

ဒေသတွင်းလှုပ်ရှားမှုတွေ လုပ်ဆောင်ရာမှာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်မုခ်ဦးမှာ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြတာ၊ မြောင်မြို့နယ်မှာ သပြေပန်းနဲ့ ကြိုဆိုထောက်ခံတာ၊ ပုလဲမြို့နယ်မှာလည်း သပြေပန်းနဲ့ တခဲနက်ထောက်ခံကြတာ၊ ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ် ရွာတရွာက စေတီမှာ အသံတိတ်ဆန္ဒပြလှည့်လည်တာတွေအပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်တို့မှာလည်း လှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

အလားတူ လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း သပြေပန်းနဲ့ညိုဆိုတဲ့ လူထုလှုပ်ရှားမှုတွေကို တညီတညွတ်တည်း ပြုလုပ်နေကြပါတယ်။

လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ဆင်ရေးတွေကို ထောက်ခံတဲ့ကြွေးကြော်သံ စာသားတွေဖြစ်တဲ့ "၁၀၂၇ စစ်ဆင်ရေးပြည်သူအားလုံးပါဝင်ပေး" "ဘယ်တော့အောင်မလဲ မမေးနဲ့၊ ခုတိုက်ရင်ခုအောင်တယ်" "စစ်ခွေးနိဂုံး ၂၀၂၃" ဆိုပြီး ကြွေးကြော်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါအပြင် "၁၀၂၇ လှိုင်းတွေကို အောင်သပြေနဲ့ကြိုဆို ဖက်ဆစ်တပ်ကိုစွန့်ခွာကြ ပြည်သူ့ရင်ခွင်ခိုလှုံကြ" ဖယ်ထရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ တရားသောစစ်အောင်ရမည် အောင်ကိုအောင်ရမည် ဆိုပြီးတော့လည်း ကြွေးကြော်ခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုတွေကို လူထုတွေနဲ့အတူ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လုံခြုံရေးယူပေးတာ၊ ဝန်းရံလိုက်ပါတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

လက်ရှိမှာတော့ ရှမ်းပြည်မြောက်ပိုင်းက မြို့အချို့ကို ညီနောင်မဟာမိတ် ၃ ဖော်နဲ့ BPLA၊ PDF တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားနိုင်နေသလို စစ်ကိုင်းတိုင်းထဲက မြို့အချို့ကိုလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းထိန်းသိမ်းထားနိုင်နေပါတယ်။ 

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရုပ်သံသတင်း #ညီနောင်မဟာမိတ်သုံးဖော် #BPLA #PDF #ပကဖ #စစ်ကိုင်းတိုင်း #မကွေးတိုင်း #ပဲခူးတိုင်း #လူထုထောက်ခံမှု #တော်လှန်ရေးအင်အားစု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10