ရေလယ်ကျွန်းတပ်ပေါင်းစုက ပစ်ခတ်လို့ MG 6 ပြောက်ကျားတပ်ရင်းမှူး ဗိုလ်ကျော်လင်းထွန်း ကျဆုံး

ရေလယ်ကျွန်းတပ်ပေါင်းစုက ပစ်ခတ်လို့ MG 6 ပြောက်ကျားတပ်ရင်းမှူး ဗိုလ်ကျော်လင်းထွန်း ကျဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း၊ ကန်ဦးရွာစာသင်ကျောင်းအနီးမှာ မြင်းခြံခရိုင်တပ်ရင်း ၅ MG 6 ပြောက်ကျားတပ်ဖွဲ့ကို ရေလယ်ကျွန်းတပ်ပေါင်းစုအဖွဲ့က ဒီနေ့ မနက် ၉ နာရီခန့်မှာ ရုတ်တရက်ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် MG 6 ပြောက်ကျားတပ်ဖွဲ့မှ တပ်ရင်းမှူး ဗိုလ်ကျော်လင်းထွန်း ကျဆုံးခဲ့တယ်လို့ အပစ်ခံလိုက်ရတဲ့ တပ်ရင်း ၅ မှ တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ 

"ကျနော်တို့ MG 6 ပြောက်ကျားတပ်က မြင်းခြံတပ်ရင်းက ဧည့်သည်နဲ့ စကားပြောနေချိန် သုံးဖွဲ့ဝိုင်း ပစ်တာ။ ရေလယ်ကျွန်း‌တပ်ပေါင်းစုနဲ့ မြေတော်ကတပ်တို့ ပါပါတယ်။ ကျနော်တို့ တပ်ရင်းမှူးလုပ်ကြံခံ လိုက်ရပါတယ်။ တပ်ရင်းမှူးရဲ့ အလောင်းကိုလည်း ကောက်လို့ မရသေးပါဘူး။ တပ်ရင်းမှူးရဲ့ကားကို မောင်းပေးတဲ့သူကိုလည်း ဆက်သွယ်လို့မရပါဘူး။ ခုလိုဖြစ်နေတာတွေကို MOD, NUG အနေနဲ့ ဘယ်လိုဖြေရှင်းပေးမလဲဆိုတာ သိချင်ပါတယ်" လို့ MG 6 တပ်ဖွဲ့၀င် ရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

အဆိုပါပစ်ခတ်ခံရတဲ့ဖြစ်စဉ်တွင် သေဆုံးသွားတဲ့ တပ်ရင်းမှူးဟာ မြင်းခြံခရိုင်တပ်ရင်း ၅ မှ တပ်ရင်းမှူး ဗိုလ်ကျော်လင်းထွန်းဖြစ်ပြီး လက်ရှိမှာ MG 6 တပ်စွဲအခြေချတဲ့ရွာကို ရေလယ်ကျွန်းတပ်ပေါင်းစုက ကင်းချထားပြီး လှုပ်ရှားမှုကို စောင့်ကြည့်နေလို့ တပ်ရင်းမှူးအလောင်းကို သယ်ယူနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

MG 6 တပ်ရင်းဟာ တော်လှန်ရေးစချိန်ကတည်းက မကွေးတိုင်းထဲမှာ အခြေချပြီး တိုက်ပွဲများဖော်ဆောင်နေတဲ့ တပ်ဖွဲ့ဖြစ်ပြီး လက်ရှိတိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ ဘာကြောင့် တိုက်တယ်ဆိုတာ မသိသေးဘူးလို့ မြင်းခြံခရိုင်တပ်ရင်း ၅ MG 6 တပ်ဖွဲ့က ဆိုပါတယ်။ 

မြင်းခြံခရိုင်တပ်ရင်း ၅ MG 6 ပြောက်ကျားတပ်ရင်းမှူး လုပ်ကြံခံရတာနဲ့ပတ်သက်လို့ မြေလတ်သတင်း ဌာနက ရေလယ်ကျွန်းတပ်ပေါင်းစုအဖွဲ့ထံ ဖုန်းဆက်သွယ်မေးမြန်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ 

“MG 6 ပြောက်ကျားတပ် မြင်းခြံခရိုင်တပ်ရင်း ၅ နဲ့ ရေစကြို ပကဖလက်အောက်ခံအဖွဲ့တွေနဲ့ ပစ်ခတ်နေတာလို့ ကျနော်တို့ကြားထားတယ်။ MG 6 ခေါင်းဆောင်တော့ သေသွားပြီ။ ဘယ်လိုမျိုး ပြဿနာစဖြစ်တာလည်းတော့ ကျနော်တို့မသိဘူး။ အဲဒီအဖွဲ့က တော်လှန်ရေးစကတည်းက မကွေးတိုင်းထဲမှာ တိုက်နေကြတာ။ နေကြတာလည်းကြာပြီ။ တခြားအဖွဲ့အစည်းတွေနဲ့ ပြဿနာဖြစ်တွေလည်း မရှိပါဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

မြင်းခြံမြို့ ကိုယ်စားပြု MG 6 ပြောက်ကျားတပ်ရဲ့ ခေါင်းဆောင် ဗိုလ်ကျော်လင်းထွန်းဟာ အသက် ၂၆ နှစ်အရွယ်ရှိပြီး မြင်းခြုံမြို့၊ အမှတ် ၆ ရပ်ကွက်ကဖြစ်ပါတယ်။ မြင်းခြံမြို့ပေါ်က လူထုဆန္ဒပြပွဲတွေကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းတာတွေလုပ်လာတဲ့အခါ ကိုကျော်လင်းထွန်းဟာ ရပ်ကွက်မှာ ခံတပ်တခုဆောက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို Air gun၊ Gas gun တွေက စတင်တော်လှန်ခဲ့ပါတယ်။

သူတို့ရဲ့ ရပ်ကွက်ခံတပ်စခန်းအဖြိုခံလိုက်ရတဲ့နောက်မှာတော့ ကိုကျော်လင်းထွန်းဟာ မြင်းခြံကိုယ်စားပြုတဲ့ MG6 ပြောက်ကျားတပ်ကို စတင်ဖွဲ့စည်းခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို စတင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ မြို့ပေါ်မှာကျန်ခဲ့တဲ့ မိဘတွေနဲ့ပါ အဆက်အသွယ်မရတော့ဘဲ မိသားစုရဲ့ ပိုင်ဆိုင်မှုတွေအားလုံးပါ ချိတ်ပိတ်ခံလိုက်ရပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေး #ရေလယ်ကျွန်း  #ဗိုလ်ကျော်လင်းထွန်း #MG6 #လုပ်ကြံ  #မြင်းခြံ #သတင်း #NUG #MOD

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10