မင်းအောင်လှိုင် ဘာကိုးကွယ်သလဲ (သတင်းဆောင်းပါး)
မာရဝိဇယတည်ရာ နေပြည်တော်ကနေ အထက်ကို ကားနဲ့ ၃ နာရီကျော်သာသွားရတဲ့ စစ်ကိုင်းတိုင်း အညာဒေသရဲ့ လက်ရှိအနေအထားကို လေ့လာကြည့်ရင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာကို တကယ်ပဲ ကြည်ညိုကိုးကွယ်ရဲ့လားလို့ သံသယပွားစရာရှိလာပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၃ ဧပြီအထိ အာဏာသိမ်းစစ်တပ်ကြောင့် စစ်ကိုင်းမှာ ဗုဒ္ဓသာသနိက အဆောက်အအုံ ၅၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ အိုင်စီဂျေက ဒီနှစ် ဇွန်မှာထုတ်ပြန်တဲ့ ‘အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ချိုးဖောက်မှု ’ အစီရင်ခံစာမှာ ဖော်ပြပါတယ်။