ခန့်အောင်

ဘန့်ဘွေးရွာက ပျူစောထီးတွေက စစ်တပ်နဲ့ပေါင်းပြီး ကိုယ့်ရွာသားအိမ်တွေကို မီးပြန်ရှို့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာ တောတိုက်တွေထဲက နေအိမ် ၈ လုံးကို ဖေဖေါ်ဝါရီလ ၁၅ ရက် ဒီနေ့နေ့လယ် ၁၂ နာရီခွဲလောက်မှာ စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။

စစ်ကောင်စီက ပျူစောထီးတွေကိုပါ လူသားဒိုင်းသဖွယ် အသုံးပြုနေ

"ဖေဖေါ်ဝါရီလ ၉ ရက်ညက တိုက်ခိုက်ခံရပြီးကတည်းက စိန်နားက ပျူတွေက မနေရဲတော့လို့ တခြားကိုရွှေ့မယ်ပြောတာကို စစ်သားနဲ့ ကျေးရွာခေါင်းဆောင်လည်းဖြစ် ပျူစောထီးခေါင်းဆောင်က မပြောင်းခိုင်းဘူး။ ပြည်သူကိုမပြောနဲ့ သူတို့လူ သူတို့ လူသားဒိုင်းလုပ်ပြီး ချနင်းနေကြတာ" လို့ ပြောပါတယ်။

ကနီမှာ စစ်ကောင်စီရိက္ခာစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

"ကနီမြို့နဲ့ အလယ်ကျွန်းရွာကြားမှာ တိုက်မိုင်း ၂ လုံးမိသွားလို့ စစ်သားနဲ့ပျူ ၅ ဦးလောက်သေတာမြင်ရတယ်။ ဘယ်က စစ်တပ်ဆိုတာတော့မသိဘူး။ ကျနော်တို့တပ်စိတ်တစိတ်တည်းနဲ့ တိုက်ခိုက်ခဲ့တာပါ၊ တိုက်ခိုက်ပြီးတော့ စစ်ကြောင်းက အလယ်ကျွန်းရွာကိုပဲဆက်သွားတယ်"လို့ ကျောက်လုံးကြီးတပ်က တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

ရွှေဘိုမှာ စစ်ကောင်စီက ဘုန်းကြီးနဲ့ ရွာသား ၂ ဦးကိုသတ်ပြီး နေအိမ်တွေပါမီးရှို့ခဲ့

"တင့်တယ်ရွာက နေအိမ် ၂၀၀ လောက်နဲ့ စပါးတင်း ၁ သိန်းလောက်ကို မီးရှို့သွားတာဗျ။ စပါးဖိုး သိန်း ၂ သောင်းလောက်ရှိမယ်။ ဘုန်းကြီးတပါး၊ အမျိုးသမီးတဦးနဲ့ အမျိုးသားတဦးကိုလည်း သတ်သွားတယ်။ မီးလောင်ထားတော့ အသက်ကခန့်မှန်းရခက်တယ်"လို့ ဒေသခံတဦးကပြောပါတယ်။

ရေစကြိုမှာ စစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ပစ်ခတ်ခံရ

"နာရီဝက်လောက်တိုက်ခိုက်ခဲ့တာပါ။ အဝေးပစ်ပုခုံးထမ်းလောင်ချာတွေ၊ ရှေ့ထွက် အဝေးပစ်လောင်ချာတွေ အားပြုတိုက်ခိုက်ခဲ့ပါတယ်။ နှစ်ဦးကတော့ အပြင်းအထန်ဒဏ်ရာရသွားလို့ ပခုက္ကူဆေးရုံကိုပို့ထားပြီး သေပြီလို့လည်းသတင်းရပါတယ်" လို့ MBT အဖွဲ့တာဝန်ရှိသူ ဗိုလ်မိုက်ခဲက ပြောပါတယ်။

စစ်အုပ်စုက သတ်စားမှာကြောက်လို့ နွားတွေကို ရတဲ့စျေးနဲ့ရောင်းချ

"နွားလှည်းသုံးဖို့ ခိုင်းနွား ၂ ကောင်လောက်ပဲထားကြတော့တယ်။ ကျန်တာတွေက ရောင်းချပစ်ကြတယ်၊ ဝယ်သူပေးတဲ့စျေးနဲ့ ရောင်းရတာ၊ အရင်ကတကောင်ကို ၁၂ သိန်းတန်ရင် အခု ၁၀ သိန်းပဲရတယ်။ ခေါင်းမာပြီး မရောင်းနိုင်တော့ဘူး၊ မရောင်းပဲနေရင်လည်း စစ်တပ်က ပစ်ခတ်စားတယ်၊ ဝက်တွေဆိုလည်း မောင်းပြီးယူသွားကြတာ"

မြစ်ခြေ‌မွေးမြူရေးတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၈ ဦးထက်မနည်း ဖမ်းဆီးခံရ

"ဒီနေ့မနက်အစောကြီးကတည်းက ပျူတွေ၊ ရဲတွေ စစ်သားတွေ စစ်ဆေးနေတာ အင်အားကတော့ မသိရဘူး။ မနက် ၁၀ နာရီသလောက်ကစပြီး အပြင်မထွက်ရဘူး။ မာရှယ်လောလို့လည်း ပြောသေးတယ်။ ပြည်သူ ၈ ဦးကိုလည်း ဖမ်းသွားတယ်။ အဓိကကတော့ စစ်တပ်က PDFကို မနိုင်လို့ ပြည်သူကို မဲတာပဲ" လို့ ဒေသခံတဦးက ပြောပါတယ်။

PDF ကိုမထောက်ပံ့ဖို့ ပဲခူးအနောက်ခြမ်းက လုပ်ငန်းရှင်တွေကို စစ်ကောင်စီ တောင်ပိုင်းတိုင်းတိုင်းမှူးက ခြိမ်းခြောက်

"မြို့နယ် ၃ မြို့နယ်ကလုပ်ငန်းရှင်အချို့ကို တိုင်းမှူးက နတ်တလင်းမှာ ခေါ်တွေ့တယ်။ PDF တွေကိုမထောက်ပံ့ဖို့၊ PDF တွေဟာ တောင်ပေါ်မှာစုမိနေပြီ။ ကျနော်တို့ထိုးစစ်ဆင်လာတဲ့အခါ လေယာဥ်ပျံတွေ သုံးရလိမ့်မယ်၊ ခင်ဗျားတို့ကအကူအညီတွေပေးနေရင် မြို့နာမယ်ဆိုပြီးခေါ်ပြီး ခြိမ်းခြောက်ကြိမ်းသွားတယ်"လို့ မြို့ခံတဦးက ပြောပါတယ်။

နတ်တလင်းမှာ ဆိုင်ကယ်မောင်းခွင့် တကဒ်ကို ကျပ် ၃၀၀၀ နဲ့လုပ်ခိုင်း

"ဆိုင်ကယ်စီးမယ်ဆိုရင် စီးတဲ့သူတိုင်း သူတို့လုပ်ပေးတဲ့ ဆိုင်ကယ်စီးတဲ့ ကဒ်လုပ်ရမယ်။ ဥပမာအနေနဲ့ အိမ်တအိမ်မှာ ဆိုင်ကယ်တစီးပဲရှိပြီး ဆိုင်ကယ်မောင်းတတ်သူက ၃ ယောက်ရှိရင် ၃ ကဒ် လုပ်ရမယ်။ တစီးပဲရှိလို့ တကဒ်ပဲ လုပ်လို့မရဘူး။ ကဒ်မှာ ဆိုင်ကယ်စီးသူရဲ့ ဓါတ်ပုံနဲ့ မှတ်ပုံတင်လည်း ပါတယ်" လို့ မြို့ခံတဦးက ပြောပါတယ်။

စစ်အုပ်ချုပ်ရေး ကြောညာထားတဲ့မြို့က အုပ်ကြီးတဦး သေနတ်နဲ့ပစ်ခံရလို့ သေဆုံး

"ပထမသပြေကြီးစု အုပ်ချုပ်ရေးမှူးက ကျနော်တို့ ရှင်းလင်းပြီးလို့ သူကဒုတိယမြောက်တက်လာတဲ့သူ၊ ဆိုင်ကယ်နဲ့တယောက်တည်းရယ်။ သူနေတဲ့ ဇီးကုန်းလေးရွာကို ပြန်တာမှာ သပြေကြီးစုရွာနဲ့ ဇီးကုန်းလေးရွာကို လယ်ပြင်လမ်းဖောက်ထားတဲ့လမ်းမှာ ပစ်ခတ်ခဲ့တာပါ။ ကျောကို ၂ ချက် ဆိုင်ကယ်လဲကျတော့ နားထင်ကို တချက် ပစ်ခဲ့ပါတယ်" လို့ ပြောပါတယ်။

မိတ္ထီလာမှာ ကြိုးဆွဲချ သေဆုံးမှု ၃ ရက်ဆက်ဖြစ်ခဲ့

"အခုနှစ် ဖေဖေါ်ဝါရီလ ၇ ရက်က မုန်တိုင်ရွာ၊ ၈ ရက်နေ့က ဝန်ဇင်းရပ်ကွက်၊ စိတ္တသုခလမ်း နဲ့ ၉ ရက်နေ့မှာ တောမအုပ်စု၊ ထမုန်ကန်ရွာတွေမှာ ဖြစ်ပွားတာပါ။ အားလုံးက အသက် ၃၀ အရွယ် အမျိုးသားတွေ ဖြစ်ပါတယ်။ သူတို့အလုပ်အကိုင်တွေကိုတော့ မသိရပါဘူး။ အခုနှစ်အတွင်းမှာ ကြိုးဆွဲချသေဆုံးမှု ၃ မှု ဖြစ်ပွားတာပါ" လို့ ဒေသခံတဦးက ပြောပါတယ်။

ရဲဘက်စခန်းကထောင်ပိုင်တဦး ကိုယ့်ကိုကိုယ်အဆုံးစီရင်

"သူ့မိန်းမကပြင်ဦးလွင်ကို ဆန်ဝယ်သွားနေတုန်း အိမ်မှာသူတယောက်ထဲရှိတုန်း ဖြစ်သွားတာ။ သူ့မှာက ပစ္စတိုတလက်နဲ့ အရှည်တလက်ရှိတယ်။ အခုက လိုင်းခန်းရှေ့ဆက်တီခုံထိုင်ရင်း သေနတ်အရှည်နဲ့ အဆုံးစီရင်လိုက်တာ" လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကောင်စီ ယမ်းချက်စက်ရုံ တိုက်ခိုက်ခံရလို့ အဆောက်အဦးပျက်စီးပြီး သေဆုံးမှုရှိနိုင်

"စက်ရုံနဲ့ မီတာ ၁၀၀ အကွာအဝေးက ပစ်ခတ်ခဲ့တာပါ။ အဆောက်အဦး ထိခိုက်ပျက်စီးမှုကို အတည်ပြုလို့ရပါတယ်။ အဆောက်အဦးတွေ ထိခိုက်မဲ့ အနေအထား ရှိပါတယ်။ သေဆုံးမှု အနေအထားကတော့ အဆောက်အဦးအတွင်းက စစ်သားတွေ ထိခိုက်သေဆုံးမှု ရှိနိုင်တယ်ဆိုတာလောက်ပဲ ကြားသိရတယ်။ အရေအတွက်တော့ ဆက်လက်စုံစမ်းတုန်းပဲ" လို့ PRA မကွေးရဲ့ တာဝန်ခံက ပြောပါတယ်။

ဆားလင်းကြီးအခြေစိုက် PDF စခန်းကို စစ်တပ်က စီးနင်းမီးရှို့

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းမှာ အခြေစိုက်ထားတဲ့ Myanmar Revolution Army စခန်းကို စစ်တပ်က စီးနင်းမီးရှို့ခဲ့တာကြောင့် စခန်းပျက်စီးကာ လက်နက်ခဲယမ်းနဲ့ အခြားပစ္စည်းတွေအပါ ကျပ်သိန်း ၂၀၀ ဖိုးလောက် ဆုံးရှုံးသွားတယ်လို့ သူတို့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရွှေဘိုမှာ စစ်အုပ်စု မီးရှို့ခဲ့တဲ့ကျေးရွာက ဒေသခံတွေ အကူညီလိုအပ်

"သရက်ပင်ဝန်းရွာက အိမ်ခြေ ၄၀၀ လောက်ရှိတဲ့ရွာကို အိမ်ခြေ ၅၀ လောက် မီးရှို့ခံရတာ။ ဟိုတစု သည်တစု မီးရှို့ခံရတာ။ ပထမ တရက် နှစ်ရက်လောက်ကိုတော့ ရွာသားချင်း ကူညီကြတာ။ ထမင်းထုပ်တွေ ပို့ပေးတာပေါ့။ တခြားရွာတွေကို အကူအညီတောင်းရအောင်လည်း သူတို့လည်း မီးရှို့ခံထားရတာဆိုတော့ အဆင်မပြေဘူး" လို့ ShweBo People Defence Force ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10