ခန့်အောင်

စစ်ကောင်စီ ယမ်းချက်စက်ရုံ တိုက်ခိုက်ခံရလို့ အဆောက်အဦးပျက်စီးပြီး သေဆုံးမှုရှိနိုင်

"စက်ရုံနဲ့ မီတာ ၁၀၀ အကွာအဝေးက ပစ်ခတ်ခဲ့တာပါ။ အဆောက်အဦး ထိခိုက်ပျက်စီးမှုကို အတည်ပြုလို့ရပါတယ်။ အဆောက်အဦးတွေ ထိခိုက်မဲ့ အနေအထား ရှိပါတယ်။ သေဆုံးမှု အနေအထားကတော့ အဆောက်အဦးအတွင်းက စစ်သားတွေ ထိခိုက်သေဆုံးမှု ရှိနိုင်တယ်ဆိုတာလောက်ပဲ ကြားသိရတယ်။ အရေအတွက်တော့ ဆက်လက်စုံစမ်းတုန်းပဲ" လို့ PRA မကွေးရဲ့ တာဝန်ခံက ပြောပါတယ်။

ဆားလင်းကြီးအခြေစိုက် PDF စခန်းကို စစ်တပ်က စီးနင်းမီးရှို့

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းမှာ အခြေစိုက်ထားတဲ့ Myanmar Revolution Army စခန်းကို စစ်တပ်က စီးနင်းမီးရှို့ခဲ့တာကြောင့် စခန်းပျက်စီးကာ လက်နက်ခဲယမ်းနဲ့ အခြားပစ္စည်းတွေအပါ ကျပ်သိန်း ၂၀၀ ဖိုးလောက် ဆုံးရှုံးသွားတယ်လို့ သူတို့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရွှေဘိုမှာ စစ်အုပ်စု မီးရှို့ခဲ့တဲ့ကျေးရွာက ဒေသခံတွေ အကူညီလိုအပ်

"သရက်ပင်ဝန်းရွာက အိမ်ခြေ ၄၀၀ လောက်ရှိတဲ့ရွာကို အိမ်ခြေ ၅၀ လောက် မီးရှို့ခံရတာ။ ဟိုတစု သည်တစု မီးရှို့ခံရတာ။ ပထမ တရက် နှစ်ရက်လောက်ကိုတော့ ရွာသားချင်း ကူညီကြတာ။ ထမင်းထုပ်တွေ ပို့ပေးတာပေါ့။ တခြားရွာတွေကို အကူအညီတောင်းရအောင်လည်း သူတို့လည်း မီးရှို့ခံထားရတာဆိုတော့ အဆင်မပြေဘူး" လို့ ShweBo People Defence Force ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပဲခူးမှာ အသံဗုံးတွေ ဆက်တိုက်ဆိုသလို ပေါက်ကွဲခဲ့

"ဗုံးသံက မနေ့ည ၈ နာရီ ၅၀ ကနေ စပေါက်တာ။ ပေါက်ကွဲချိန်တွေက သိပ်မကြာဘူး။ ဆက်တိုက်ဆိုသလို ပေါက်တာ။ ည ၉ နာရီ ၁၆ မိနစ်မှာကတော့ ဆိုရှယ်လစ် ၂ လမ်းထိပ်က ရဲတွေစောင့်နေတဲ့ မူလွန်ကျောင်းထဲကိုလည်း တလုံးပစ်ထည့်ခဲ့တာ။ မီးခိုးလုံးတွေ ထွက်သွားတာ မြင်ရတယ်" လို့ မြို့ခံတဦးက ပြောပါတယ်။

"ဈေးအတက်မှာ စပါးမရှိတဲ့လယ်သမားတွေ"

"စပါးက စျေးတက်ပြီး ပစ္စည်းက ရှားတယ်။ စပါးစျေးအပေါ်က ဖြစ်နေပြီး ဆန်စျေးက အောက်ရောက်နေတာ။ စပါးစျေးက ဥပမာ မနေ့က တသိန်းဆိုရင် ဒီနေ့က တသိန်းခွဲ ခေါ်နေတာ။ အဲဒီလို လုပ်နေတာက ၂ လလောက်ဖြစ်နေပြီ။ ဘယ်လိုမှ လုပ်ရကိုင်ရတာ မကောင်းဘူး။ အနိမ့်စျေးနဲ့ဝယ် အမြင့်စျေးရောက်မှ ကြိတ်ခွဲရောင်းရမယ့် ပုံစံ ဖြစ်နေတယ်" လို့ ပဲခူးတိုင်းအနောက်ခြမ်းက ဆန်စပါးရောင်းဝယ်သူတဦးက ပြောပါတယ်။

ပေါင်းတည် စစ်ဆေးရေးဂိတ်တွေမှာ အရပ်သားတွေကို ရဲဝတ်စုံဝတ်ပြီး ငွေတောင်းခိုင်း

"စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ် ၂ ဂိတ်မှာပေါ့။ အရပ်သား ၃ ဦးကို ရဲတွေက ယူနီဖောင်းဝတ်ခိုင်းပြီး ငွေတောင်းခိုင်းတာ ယူနီဖောင်းအပြည့်မဟုတ်ဘူး။ သူတို့မလာရင်လည်း ရဲက အိမ်အထိ လိုက်ခေါ်တယ်။ သူတို့က တယောက်ကို တနေ့ငွေ ၂ သောင်း ရတယ်" လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

စစ်ရှောင်တွေကို ဆက်ပြီး ထောက်ပံ့သွားမှာဖြစ်လို့ S&C အဖွဲ့က အလှူရှင်တွေ ဖိတ်ခေါ်

"မြေပြင်အခြေအနေ အေးဆေးသွားတာနဲ့ ချက်ခြင်းသွားရောက်ဖို့ စီစဥ်နေပါတယ်။ ကျနော်တို့က ဝေမျှခဲ့သမျှ စစ်ဘေးသင့်သူတွေရဲ့ လက်ဝယ်အရောက် ဝေမျှပေးတာပါ။ ဘယ်အဖွဲ့အစည်း လက်ထဲကိုမှ မထည့်ပါဘူး။ အခုလည်း ဆေးဝါးပစ္စည်းအပြင် အခြားအသုံးအဆောင် ၇ မျိုးလောက်လည်း ပါပါတယ်" လို့ S&C တာဝန်ခံ ကိုစိုးမိုးအောင်က ပြောပါတယ်။

ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဆားလင်းကြီးက လူထုသပိတ် (Photo News)

"ဖက်ဆစ်ရွေးကောက်ပွဲသပိတ်မှောက် ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်" စာသားကိုင်ဆောင်ကာ အညာပစ်တိုင်းထောင်လေးများအဖွဲ့နဲ့ မုံရွာလူငယ်များအစည်းရုံးတို့က ပူးပေါင်းခဲ့ကြတာလို့ သိရပါတယ်။

ဥသျှစ်ပင်မှာ ဆယ်ကျော်သက်အမျိုးသမီးတဦး ကြိုးဆွဲချသေဆုံး

"ဘယ်အချိန်ကတည်းက ကြိုးဆွဲချတယ်ဆိုတာတော့ မသိရဘူးဗျ။ မနက် ၇ နာရီလောက်မှာ ရဲတွေရောက်လာပြီး ဥသျှစ်ပင်က အေးသုခလူမှုကူညီရေးအသင်းကားနဲ့ အလောင်းလာသယ်သွားတယ်ဗျ" လို့ ဒေသခံတဦးက ပြောပါတယ်။

ပေါင်းတည်က ပျူစောထီးဆိုသူ ရှင်းလင်းခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ ဝဲကြီးဆည်အထက်မှာ ဇန်နဝါရီလ ၄ ရက် ဒီနေ့မနက်က ပျူစောထီးခေါင်းဆောင်လို့ လူသိများသူတဦးကို ရှင်းလင်းခဲ့တယ်လို့ သဲကုန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း ၃၆၀၂၊ TPDF တပ်ခွဲ ၄ က သတင်းထုတ်ပြန်ထားပါတယ်။

ကြံ့ခိုင်ရေးအမာခံတဦးအား ပစ်သတ်ခဲ့တဲ့ရဲကို အမှုဖွင့်လို့မရသေး

"ဆိုင်ကယ်ဖမ်းတဲ့အချိန်မှာ သူကရေခဲချောင်းရောင်းပြီးပြန်လာတာ၊ ဖမ်းတယ်ထင်ပြီးမောင်းပြေးတဲ့အချိန် နောက်ကပစ်လိုက်တာမှာ ချက်ကောင်းကိုထိပြီးသေသွားတာ၊ သူကကြံ့ခိုင်ရေးအမာခံ။ သူမိသားစုက အမူဖွင့်ဖို့သွားတော့ ရဲကအမူဖွင့်မပေးဘူး။ ဆေးရုံကနေ ဒီအတိုင်းထုတ်ပြီး သဂြိုလ်လိုက်ရတာ။ သဂြိုလ်တဲ့နေ့က ကြံ့ခိုင်ရေးအဖွဲ့လိုက်ကြီးလိုက်ပို့ကြတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ဝက်လက်မှာ စစ်ကြောင်းထွက်လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

"စစ်သားနဲ့ပျူတွေက ခန့်မှန်းအင်အား ၃၀ လောက်နဲ့ ထွက်လာတာကို မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ငယ်တွေနဲ့ ပစ်တာပါ။ သူတို့ကလည်း ပြန်ပစ်တယ်။ ကြာမြင့်ချိန် မိနစ် ၂၀ လောက်တော့ ရှိမယ်။ မျက်မြင်ကတော့ စစ်အုပ်စုဘက်က ၅ ဦး သေတယ်။ ဝက်လက်ဆေးရုံကို ရောက်နေတဲ့ ၂ ယောက်လည်း ပြင်းထန်ဒဏ်ရာရတယ်" လို့ လျှပ်စီးပြောက်ကျားတပ်ဖွဲ့ - ဝက်လက်ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ မွန်ကြီးက ပြောပါတယ်။

စစ်ကိုင်းမှာ မီးရှို့ပြန်လာတဲ့စစ်တပ် တိုက်ခိုက်ခံရလို့ သေဆုံးမှုတွေရှိ

"ညောင်ပင်ဝန်းရွာက ရဲစခန်းပါ။ ခေတ်ကောင်းတုန်းကတော့ ရဲစခန်းပါ။ ခေတ်မကောင်းတော့ ရဲရော စစ်ခွေးရော ပေါင်းနေနေတာပါ။ မနေ့ကနေ့လည် ၁၁ နာရီဝန်းကျင်လောက်က မီးရှို့ပြန်လာတာကို တကြိမ်တိုက်ခိုက်ပြီး စစ်အုပ်စုက ညောင်ပင်ဝန်းရဲစခန်းကို ညနေ ၄ နာရီလောက် ပြန်ရောက်ချိန်မှာ လက်နက်ကြီးနဲ့ ထပ်ပြီး တိုက်ခိုက်တာပါ" လို့ ယက္ခညီနောင်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

မတ္တရာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ဗုံးကြဲ

"မတ္တရာမြို့ပေါ်ကနေ စကျင်ရွာကို ကားနဲ့လာပြီး တခါခြေလျင်ဆက်လာတာကို ကျနော်တို့က ဟင်္သာရွာရောက်ခါနီးမှာ ဗုံးကြဲခဲ့တာ။ မျက်မြင်အရ စစ်သား ၄ ဦးနေရာတင် လဲကျသွားတယ်။ ရွာသားတွေ ပြောတာကတော့ ပျူ ၂ ဦးလည်း သေတယ်လို့ ပြောတယ်" လို့ Uniron အဖွဲ့ သတင်းတာဝန်ခံက ပြောပါတယ်။

ရွှေဘိုမြို့နယ်က တိုက်ပွဲမှာ PDF ၃ ဦးကျ

"သူတို့ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ကျဆုံးသွားတာပါ။ ၂ ဦးကတော့ နေရာမှာပဲ ကျဆုံးခဲ့ပြီး ရဲဘော်ခန့်သီဟကတော့ ဆေးခန်းရောက်မှ ကျဆုံးသွားတာပါ" လို့ Black Wolf Army ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10