ဖုန်းလိုင်းတွေ ဖြတ်ပြီးမှ စစ်ကြောင်းဝင်လို့ သတင်းမရလိုက်ဘဲ ရွာသား ရာဂဏန်းကျော် ပိတ်မိ
ဇန်နဝါရီလ ၂၈ ရက် ဒီကနေ့မနက် ၆ နာရီလောက်မှာ မုံရွာ နမခ ကနေ ထွက်လာတဲ့ အင်အား ၅၀ ပါ စစ်ကြောင်းဟာ ရွာအစပ်ကနေ လက်နက်ကြီး ၂ လုံးနဲ့ သေနတ်တွေ ပစ်ဖောက်ကာ ဝင်ရောက်လာပြီး လက်နက်ကြီးကျည်က နေအိမ်တွေ ဘေးကိုကျပေမယ့် လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ “သေနတ်ဖောက်သံကြားမှ အကုန်လုံးပြေးရတာ၊ သူတို့က ဂျန်ဘာတွေပါလို့လား မသိဘူး။ ကျနော်တို့ဖုန်းတွေ တလုံးမှဆက်မရဘူး။ ပြေးပြီးနောက်မှ စာတွေကျလာတာ၊ ချင်းတွင်းတံတားကို ဖြတ်လာတာကို သတင်းပေးပေမယ့် ဖုန်းလိုင်းမရလို့ သတင်းမရလိုက်တာ။ ခုသူတို့လက်ထဲမှာ ခေါ်ထားတာ ရွာသား ၁၀ ယောက် ဝန်းကျင်ရှိတယ်။ အမျိုးသမီးတွေလည်း ပါတယ်" လို့ အနီးကျေးရွာရှိရွာခံတဦးက ပြောပါတယ်။